
ကေအန်ယူ−ကရင်အမျိုးသားအစည်းအရုံး နယ်မြေထဲကို စစ်ကောင်စီတပ်တွေက ၂ ရက်အတွင်း တိုက်လေယာဉ် ၆ စင်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းတွေအပါအဝင် လူနေအိမ်အများအပြား မီးလောင်ပြာကျပျက်စီးခဲ့ရတယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်ည ၁၀ နာရီလောက်က စစ်ကောင်စီ တိုက်လေယာဉ် ၃ စင်းဟာ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင် တပ်မဟာ (၅)၊ လူသောမြို့နယ်၊ ဒေဘုနိုကျေးရွာထဲကို ဗုံးသီး ၆ လုံးလာ ရောက်ကြဲချခဲ့တာဖြစ်ပြီး လူနေအိမ် ၆ လုံးထိမှန်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်ည ၁၁ နာရီခွဲမှာလည်း စစ်ကောင်စီတပ်က တိုက်လေယာဉ် ၃ စင်းနဲ့ တပ်မဟာ (၅)၊ လူသောမြို့နယ်၊ ပေးကေးဒဲကျေးရွာအုပ်စုထဲက ထော့ထီးပယ်ကျေးရွာထဲကို တိုက်လေယာဉ်တစင်းကို ဗုံးသီး ၂ လုံးနှုန်းနဲ့ စုစုပေါင်း ဗုံးသီး ၆ လုံး လာရောက်ကြဲချခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာတော့ အဆောက်အဦး ၇ လုံးပါဝင်တဲ့ စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၆ လုံး၊ ဈေးဆိုင် ၃ ဆိုင်အပါအဝင် ဒေသခံအများပြည်သူပိုင် ပစ္စည်းတွေ ထိခိုက်ပျက်စီးသွားပြီး စုစုပေါင်းကာလတန်ဖိုး ထိုင်းဘတ်ငွေ ၃ သန်းကျော်ဖိုး ဆုံးရှုံးသွားခဲ့ရတယ်လို့ ကေအန်ယူဗဟို ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က နောက်ဆုံးထုတ်ပြန်ချက်မှာတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာကြောင့် ကရင်ပြည်နယ်အတွင်း လုံခြုံရေးနဲ့ လူသားချင်းစာနာမှု ဆိုင်ရာအခြေအနေတွေက စိုးရိမ်စရာ ဖြစ်နေပြီး ကျေးရွာ ၂၀ က လူဦးရေ ၁၇,၀၀၀ လောက်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်းမှာတော့ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ သန်းခွဲကျော် ရှိလာပြီဖြစ်ပြီး ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၂ သန်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိ ပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးကြရသူတွေလို ထုတ်ပြန်ထားပါတယ်။