
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၉၉၈ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၉,၇၂၈ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၅,၈၈၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၄,၃၃၇ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၈၂၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တင့်တယ်ကျေးရွာကို အင်အား ၈၀ လောက်ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ပျူစောထီးတွေက ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ် ၄၀၀ လောက်ကို မီးရှို့ခဲ့ကြတယ်လို့ အေအေပီပီက ပြောပါတယ်။ ဒါ့အပြင် ဒေသခံ ၄ ယောက်လည်း သေဆုံးခဲ့ပြီး သူတို့ထဲက အသက် ၇၀ အရွယ် ဒေသခံ ၂ ယောက်ဖြစ်ကြတဲ့ ဒေါ်သန်းနိုင်နဲ့ ဒေါ်ပန်တို့ဟာ ထွက်မပြေးနိုင်တာကြောင့် မီးလောင်သေဆုံးခဲ့ပြီး ကျန်းမာရေး မကောင်းလို့ အိပ်ရာထဲလဲနေတဲ့ ဦးကြည်ဝင်းဟာလည်း မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ခြေထောက်သန်စွမ်းခြင်းမရှိတဲ့ ဦးဖိုးကျော်ကတော့ ဖမ်းဆီးခံခဲ့ရပြီးနောက် လက်ပြန်ကြိုးတုပ်ခံခဲ့ရကာ လည်ပင်းဓားထိဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တိုကျေးရွာမှာ နေထိုင်တဲ့ ဒေသခံ ဦးစိုးပုဟာ ကျေးရွာအနီး စစ်ဘေးရှောင်နေချိန် ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁၁ နာရီဝန်းကျင်လောက်က ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်ချိန် တိုကျေးရွာတောင်ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်သားတွေက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။