Home
မြန်မာသတင်း
ကနီတွင် စစ်သားအချင်းချင်း ပစ်ခတ် ၁ ဦးသေ၊ သရက်၊ မင်းတုန်း၊ မြိုင်နှင့် သပိတ်ကျင်း မြို့နယ်တို့၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
February 16, 2023

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ပေါ်က မြန်မာ့စီးပွားရေးဘဏ်အစောင့် စစ်သားအချင်းချင်း ဖေဖော်ဝါရီ ၁၅ ရက် ည ၇ နာရီက ပစ်ခတ်မှုဖြစ်ပြီး စစ်သားတဦး သေဆုံးတယ်လို့ ကနီမြို့ပေါ်ပြည်သူတွေဆီက သိရပါတယ်။

“ဒီနေ့မနက်ခင်း သေတဲ့စစ်သားကို သင်္ဂြိုဟ်ဖို့ရာ လုပ်နေတာတွေ့ရတယ်။ ပစ်တဲ့စစ်သားကတော့ ညတွင်းချင်း ထွက်ပြေးသွားတယ်။ ဘာကနေ ဘယ်လိုဖြစ်ပြီး ပစ်ခတ်ကြတယ်တော့ အတိအကျ မသိရဘူး။ ကျနော်တို့အထင်ကတော့ ညပိုင်းဖြစ်တာဆိုတော့ သောက်စားမူးရူးပြီး ရန်ဖြစ်ပြီး ပစ်ခတ်ကြတာလို့ပဲ ထင်တယ်” လို့ မြို့ပေါ်နေ ပြည်သူတဦးက ပြောပါတယ်။

အခုလို ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသွားတဲ့စစ်သားဟာ အောင်တိုးချစ် (ခေါ်) ဖိုးကြယ်လို့ခေါ်ပြီး အသက် ၃၀ ဝန်းကျင်လောက်ပဲရှိတယ်လို့ မြို့ပေါ်နေ ပြည်သူတွေဆီက သိရပါတယ်။ သေဆုံးသူဟာ သေနတ်နဲ့ပစ်ခတ်ခံရပြီး နောက်ကြောဒဏ်ရာရရှိကာ သေဆုံးတာလို့ သိရပါတယ်။

ကနီမြို့ပေါ်မှာ ထွေအုပ်ရုံး၊ စာသင်ကျောင်းနဲ့ ဘဏ်တွေမှာ စစ်သားတွေက ကင်းစောင့်နေပြီး ရဲတွေကတော့ ကနီ ရွှေမြင်းဖြူတောင်နဲ့ ရွှေတိဂုံတောင်ပေါ်မှာ တပ်စွဲပြီး ကင်းစောင့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မကွေးတိုင်း သရက်မြို့မှာတော့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ အမှတ်-၁၂ ကို ဒေသခံ ကာကွယ်ရေးတပ်တွေက ၉ဝ မမ ရှော့တိုက်ဒုံးတွေနဲ့ ဖေဖော်ဝါရီ ၁၅ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၄ က ထုတ်ပြန်ပါတယ်။

အဒီ ကပစစက်ရုံ-၁၂ ဟာ တိုက်ခိုက်ရေးနဲ့ အလုပ်ဝန်ထမ်းပေါင်း အင်အား ၃၀၀ ကျော်ရှိနေပြီး သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၄ က ၉၀ မမ ရှော့တိုက်ဒုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့ တလုံးက ချို့ယွင်းခဲ့ပြီး တလုံးကတော့ လူပျိုဆောင်နှစ်ဆောင်ကြားကို ကျရောက်ပေါက်ကွဲလို့  အများအပြား ထိခိုက်သေဆုံးနိုင်တယ်လို့ သိရပါတယ်။

အခုလိုတိုက်ခိုက်ခံရတဲ့ ကပစ စက်ရုံဟာ သရက်၊ ကမ္မ၊ မင်းတုန်းမြို့နယ်က ဖမ်းဆီးခံ အပြစ်မဲ့ပြည်သူတွေ၊ လူထုခေါင်းဆောင်တွေကို နှိပ်စက်၊ ညှင်းပန်း စစ်ဆေးရာမှာ အဓိက တာဝန်ယူဆောင်ရွက်နေတာပါ။ 

သရက်ခရိုင် PDF တပ်ရင်း-၄ တာဝန်ရှိသူက “အာဏာသိမ်းပြီးနောက်ပိုင်း သရက်၊ ကမ္မ၊ မင်းတုန်း သုံးမြို့နယ်ကို သူတို့ထိန်းချုပ်တာပါပဲ။ ဖမ်းဆီးညှဉ်းပန်းတာတွေ၊ စစ်ကြောတာတွေ သူတို့လုပ်တာပါ။ ဒါ့ကြောင့် အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မနက်ပိုင်းမှာတော့ အဲဒီ ကပစ-၁၂ ရဲ့ စက်ပစ်ကွင်းအနီးမှာ လက်နက်ကြီး လက်နက်ငယ်သံတွေ ထွက်ပေါ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ ဖေဖော်ဝါရီ ၁၅ ရက် ညက စစ်ကောင်စီရဲ့ ဂိတ်စခန်းတခု မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Swallow-PDF (မကွေး) ကနေ သိရပါတယ်။

မင်းတုန်းမြို့နယ်၊ ပြောင်းရွာက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်စခန်းကို မနေ့ ဖေဖော်ဝါရီ ၁၅ ရက် ည ၁၀ နာရီလောက်မှာ SPDF က ရဲဘော်တွေ သွားရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ SPDF ခေါင်းဆောင် ဗိုလ်ပျံလွှားက ပြောပါတယ်။

“အဲဒီဂိတ်စခန်းမှာ အရင်က စစ်ကောင်စီတပ်သား ၂၀ လောက် တပ်စွဲထားပြီး ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းမှာ ကျနော်တို့ဘက်က AK47 သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တာကြောင့် ကြောက်လန့်ပြီး မင်းတုန်းမြို့ဘက်ကို ဆုတ်ခွာသွားတဲ့အချိန်မှာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာ။ ဝါးတွေက အစိုတွေဆိုတော့ အကုန်မလောင်ဘဲ ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက် မနက်ပိုင်းမှာတော့ စစ်(...)တွေ ပြန်ရောက်လာပြီး အဲဒီဂိတ်စခန်းကို ပြန်လည်ပြုပြင်တာတွေ လုပ်ဆောင်ခဲ့ကြတယ်။”

အဲဒီ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ဟာ ခရီးသွားပြည်သူတွေ၊ ကားသမားတွေကို စစ်ဆေးပြီး မတရားသဖြင့် ငွေညှစ်နေတဲ့အတွက် ဇန်နဝါရီ ၃၁ ရက်နေ့မှာလည်း SPDF က လက်ပစ်ဗုံးတွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Swallow-PDF အနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ သူတို့ရဲ့ဒေါက်တိုင်တွေကို အမြစ်ပြတ် တိုက်ထုတ်သွားမှာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ နီးစပ်တဲ့နေရာတွေမှာ လုံးဝ မနေထိုင်ကြဖို့ကိုလည်း သတိပေး တားမြစ်ထားပါတယ်။

အလားတူ မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းတခု လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ Myaing Warriors တပ်ဖွဲ့ကနေ သိရပါတယ်။

မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အင်အား ၃၀ လောက် အထိုင်ချ တပ်စွဲထားတဲ့ ပျူစောထီးစခန်းကို ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်းမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အချက် ၇၀ လောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myaing Warriors တပ်ဖွဲ့ရဲ့ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ တာဝေးပစ် လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာဆိုတော့ အတိအကျ မသိရသေးတဲ့အတွက် ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို Black Cheetah၊ ကျားသစ်နက်တပ်မတော် တပ်ခွဲ-၇၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဂဠုန်တပ်ဖွဲ့၊ Earthquake PDF တို့နဲ့အတူ ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး နာရီဝက်လောက် တိုက်ပွဲဖြစ်ခဲ့ပေမဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။

Myaing Warriors တပ်ဖွဲ့အနေနဲ့ အခုတပတ်အတွင်းမှာ တိုက်ပွဲ ၃ ကြိမ် ဖော်ဆောင်ထားပြီး လက်နက်ခဲယမ်းတွေ ပြန်လည်ဖြည့်တင်းဖို့ လိုအပ်နေတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ မိမိတို့တတ်နိုင်သ၍ ကူညီထောက်ပံပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာလည်း သစ်တပင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ စစ်ကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နဲ့ ဆက်စပ်နေတဲ့ သပိတ်ကျင်းမြို့နယ် မြောက်ဘက်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှု ပိုမြှင့်နေသလို အရပ်သားအသွင် သွားလာလှုပ်ရှားနေကြတယ်လို့ သိရပါတယ်။

“စစ်ကောင်စီအင်အား ၄၀ လောက်ပါတဲ့ ၁၂ ဘီးကားကို တကောင်း ပ.က.ဖ နဲ့ Special 9-HPDF တို့ပူးပေါင်းပြီး ညနေ  ၃ နာရီကျော်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ” လို့ တကောင်း ပ.က.ဖ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဆိုပါစစ်ကားဟာ တကောင်းမြို့အနီး လေးမိုင်ကျေးရွာမှာ တပ်စွဲထားတဲ့နေရာကနေ ထီးချိုင့်မြို့နယ်၊ မြတောင်လမ်းဆုံဂိတ်ကို အင်အားဖြည့်ဖို့ သွားတာဖြစ်ပြီး ရှေ့ထွက်မိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့လည်း တကောင်း ပ.က.ဖ ကနေ သိရပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီယာဉ်တန်းတွေနဲ့ ဝေးဝေးကနေ သွားလာနေထိုင်ကြဖို့၊ ညကာလ သတ်မှတ်ချိန်ကျော်ပါက အမြန်လမ်းကို အသုံးမပြုကြဖို့နဲ့ စစ်ကောင်စီ ယာဉ်တန်းတွေကို တွေ့ရှိပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ အချိန်မီ သတင်းပို့ကြဖို့ တကောင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024