
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲနေသူ ၂၇ ယောက်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၃ ရက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းလုံမြို့မှာ မူးယစ်ဆေးသုံးစွဲသူတွေကို စစ်ကောင်စီက တပတ်မှာ နှစ်ကြိမ်လောက် လိုက်လံဖမ်းဆီးနေတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့သူတွေထံက တယောက်ကို ငွေကျပ် တသိန်းနှုန်းနဲ့ လာရောက်ရွေးခိုင်းတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်ကလည်း မူးယစ်ဆေးသုံးစွဲသူ ၈ ယောက်ကို နေပူထဲမှာ နေခိုင်းပြီး တယောက်ကို တသိန်းနှုန်းနဲ့ လာရောက်ရွေးတဲ့သူတွေကို ချက်ချင်းလွှတ်ပေးပြီး လာရွေးတဲ့သူ မရှိတဲ့သူတွေကိုတော့ နောက်နေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
အရင်က မိုင်းလုံမြို့ကို TNLA တပ်က ဝင်ရောက်ပြီး မူးယစ်ဆေးသုံးစွဲသူတွေကို ဖမ်းဆီးတာမျိုး ရှိခဲ့တာကြောင့် စစ်ကောင်စီတပ်က လမ်းအသွားအလာကို ထိန်းချုပ်ကာ လုံခြုံရေးကို ပိုပြီးတင်းကျပ်ထားတယ်လို့ သိရပါတယ်။