DVB Logo
Home
မြန်မာသတင်း
မြန်မာအတွက် အမေရိကန်က လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း ၅၀ ထပ်မံပေးအပ်၊ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် NUG ဝန်ကြီးတွေ့ဆုံ
DVB
·
February 16, 2023
မြန်မာအတွက် အမေရိကန်က လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း ၅၀ ထပ်မံပေးအပ်၊ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် NUG ဝန်ကြီးတွေ့ဆုံ
Donate to DVB

အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာသန်း ၅၀ အသစ်ထပ်မံထောက်ပံ့ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ တိုးမြင့်လာတဲ့ နေရပ်စွန့်ခွာရမှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စားနပ်ရိက္ခာပိုမို ရှားပါးလာမှုတွေက ရှိရင်းစွဲလိုအပ်ချက်တွေနဲ့ထပ်ပေါင်းလာလို့ အကူအညီလိုအပ်နေတဲ့ ဒေသတွေအတွက် လူသားချင်းဆိုင်ရာအကူအညီအဖြစ် အရေးပေါ်စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့ အမေရိကန်ဒေါ်လာ သန်း ၅၀ ကို အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတဆင့် အသစ်ထပ်မံထောက်ပံ့မယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂရဲ့ လတ်တလောထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လူဦးရေ ၁၇ သန်းကျော် - လူသုံးယောက်မှာ တယောက်နှုန်းဟာ  အခု ၂၀၂၃ ခုနှစ်မှာ လူသားချင်းစာနာမှုဆိုင် ရာအထောက်အပံ့တွေလိုအပ်နေပြီး  ၂၀၂၀ ပြည်နှစ် စစ်အာဏာမသိမ်းခင်က အခုလို အကူအညီလိုအပ်နေတဲ့  လူဦးရေဟာ တသန်းတောင်မပြည့်ဘူးလို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုပေးအပ်တဲ့အကူအညီဟာ  ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နဲ့ အတူ ပဋိပက္ခဖြစ်နေတဲ့ ပြည်နယ်တွေမှာ လူပေါင်း ၇၅၀,၀၀၀ ကျော်ကို အာဟာရချို့တဲ့မှုကုစားဖို့နဲ့ ကာကွယ်ဖို့ ကူညီနိုင်မှာဖြစ်သလို လစဉ်စားနပ်ရိက္ခာခွဲတမ်းတွေပေးတာနဲ့ အသက်ငါးနှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေအတွက် အာဟာရဖြစ် စားသုံးကုန်တွေပေးအပ်တာ ပါဝင်ပါတယ်။

မြန်မာနိုင်ငံတဝန်း  အကူအညီလိုအပ်နေတဲ့ ပြည်သူတွေအတွက် အရေးပေါ်အသက်ကယ် ဆယ်ရေးအထောက်အပံ့တွေ USAID ကဆက်လက်ပေးအပ်နေပြီး မြန်မာပြည်သူတွေအတွက် အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီအနာဂတ်ဆီသို့ ငြိမ်းချမ်းစွာရှေးရှုဆောင်ရွက်နေသူတွေကို ချီးကျူးဂုဏ်ပြုတယ်လို့ အမေရိကန်သံရုံးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းဟာလည်း  အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ကို  ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဝါရှင်တန်မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံရာမှာ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝါရှင်တန်ဒီစီရုံးခွဲ ဖွင့်လှစ်တာကို ကြိုဆိုပါကြောင်း၊ အမေရိကန်အနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်နေသူတွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကို အစဥ်အမြဲအားပေးထောက်ခံနေပါကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်နိုင်ရေးအတွက် အမေရိကန်အစိုးရရဲ့ ဆောင်ရွက်နေမှုတွေကို အလေးအနက်ထားပြောကြားသွားခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောတဲ့အကြောင်း NUG ကသတင်းထုတ်ပြန်ပါတယ်။

PHOTO-NUG

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013