Home
မြန်မာသတင်း
လေကြောင်းကင်းထောက်အဖြစ် တာဝန်ထမ်းဆောင်လိုသည့် ပြည်သူများအား NUG ဖိတ်ခေါ်
DVB
·
February 16, 2023
331070743_909207207093393_5122371074978266379_n

အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကြိုတင်သတိပေး ကာကွယ်နိုင်ရေးအတွက် လေကြောင်းကင်းထောက်တွေအဖြစ် တာဝန်ထမ်းဆောင်နိုင်မယ့် ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်အပ်နေပါတယ်။

ဒီဖိတ်ခေါ်မှုမှာတော့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းလှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်စေဖို့အတွက် လေတပ်စခန်းတွေအပါအဝင် လေယာဉ်ကွင်း၊ ရဟတ်ယာဉ်ကွင်းတွေကို ပုံမှန်စောင့်ကြည့် သတင်းပေးပို့တာ၊ လေကြောင်းသွားလာမှု လမ်းကြောင်းတလျှောက် သတင်းပေးပို့တာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့်မို့ ပြည်သူ့အသက်အိုးအိမ်ကို ပြည်သူ့အားနဲ့ ကာကွယ်ဖို့ လေကြောင်းကင်းထောက်အဖြစ် ဆောင်ရွက်လိုတဲ့ တာဝန်သိပြည်သူတွေအနေနဲ့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်တဲ့ ဖော်ပြပါ telegram - https://t.me/MASurveillance24  ကို ဆက်သွယ် သတင်းပေးပို့ကြဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ၊ အင်အားစုတွေအပြင် အပြစ်မဲ့ ပြည်သူတွေ နေထိုင်ရာ မြို့ရွာတွေကိုပါ မြေပြင်ကရော လေကြောင်းကနေပါ တိုက်ခိုက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024