Thursday, June 8, 2023
HomeLead Storyနှင်းဆီပါတီကို အမည်ပြောင်းပြီး တနိုင်ငံလုံးဝင်ပြိုင်မည့်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်

နှင်းဆီပါတီကို အမည်ပြောင်းပြီး တနိုင်ငံလုံးဝင်ပြိုင်မည့်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်

ဖျက်သိမ်းခံထားရတဲ့ နှင်းဆီပါတီကို  ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) အဖြစ် အမည်ပြောင်းပြီး စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး ဝင်ပြိုင်မယ့်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်လိုက်ပြီလို့ ဦးဆောင်ပါဝင်သူတွေက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအရေအတွက် ဒုတိယအများဆုံးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့တဲ့ နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ချိုးဖောက်ခဲ့တာကြောင့် ရွေးကောက်ပွဲ မကျင်းပခင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၇ ရက်က နိုင်ငံရေးပါတီအဖြစ်က ဖျက်သိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

နှင်းဆီပါတီဟာ အာဏာသိမ်းစစ်ကောင်စီက ပြန်ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ယာယီဦးဆောင်သူ ၂၅ ယောက်နဲ့ဖွဲ့စည်းပြီး ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) လို့ အမည်ပြောင်းကာ ဖေဖော်ဝါရီ ၉ ရက်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဆီမှာ ပါတီမှတ်ပုံပြန်တင်ခဲ့ပါတယ်။

ထောင်ပြေးမှု၊ လူဝင်မှုကြီးကြပ်ရေးအမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ထောင်ကျနေတဲ့ ပါတီဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်ဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေအရ ပါတီဦးဆောင်သူအဖြစ် ပါဝင်ခွင့်မရပေမယ့် နောက်ကွယ်ကနေ ဆက်လက်ပါဝင်နေမှာဖြစ်ပြီး သူရဲ့ ပါတီမူဝါဒလမ်းစဉ်တွေအတိုင်း ဆက်လက်အကောင်အထည်ဖော်သွားမှာလို့ ယာယီဦးဆောင်သူအဖွဲ့မှာပါဝင်တဲ့ ဦးခင်ဇော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

နှင်းဆီပါတီကို အမည်ပြောင်းပြီး ပါတီမှတ်ပုံတင်ခဲ့တဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) ဟာ လက်ရှိမှာ ပါတီဝင် အင်အား ၃ သိန်းခွဲကျော်ရှိနေပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း စတဲ့ တိုင်း ၅ တိုင်းမှာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီဆက်လက်ရှင်သန်နိုင်ရေးကြိုးပမ်းနေချိန်မှာ နှင်းဆီပါတီ အမည်ပြောင်း ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်ဖို့ စီစဉ်နေတာပါ။

ရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ခွင့် ပြုပြီးတာနဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပါ သတ်မှတ်ချက်အတိုင်း တနိုင်ငံလုံးမြို့နယ်အားလုံးရဲ့ ထက်ဝက်ကျော်မှာ ပါတီရုံးခန်းတွေကို ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ယာယီဦးဆောင်ကော်မတီဝင် ဦးခင်ဇော်ဝင်းက ပြောပါတယ်။

ထောင်ဒဏ်ကျခံနေရတဲ့ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ အန်အယ်လ်ဒီအစိုးရ လက်ထက်တုန်းက ကျပ်ငွေ ၃၀ ဘီလီယံနီးပါးကို တရားမဝင် လွှဲပြောင်းလက်ခံမှုတွေကြောင့် ငွေကြေးခဝါချမှုဥပဒေနဲ့ အရေးယူခံခဲ့ရပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေနဲ့ ငြိစွန်းခဲ့တာကြောင့် နှင်းဆီပါတီလည်း ဖျက်သိမ်းခံခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်အပေါ် အာဏာသိမ်းစစ်တပ်က မကျေမနပ်ဖြစ်ခဲ့ပြီး အခြေခံလူတန်းစားတွေ ထောက်ခံကြတဲ့ ပါတီကို အိမ်နီးချင်း နိုင်ငံတနိုင်ငံကနေ ငွေကြေးထောက်ပံ့မှုရယူတယ်ဆိုပြီး ပါတီကို ဖျက်သိမ်းတဲ့အထိ အလဲထိုးခဲ့တယ်လို့ စစ်တပ် အာဘော် မြန်မာ့အလင်းသတင်းစာကနေ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ဆောင်းပါးရေးကာ ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်ဆီကို နှင်းဆီပါတီ အမည်ပြောင်း ပြည်ထောင်စုဒီမိုကရေစီပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၂ ပါတီပဲ မှတ်ပုံတင်ထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular