DVB Logo
Home
မြန်မာသတင်း
စစ်တပ် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂,၉၉၄ ဦးထိ မြင့်တက်
DVB
·
February 15, 2023
စစ်တပ် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂,၉၉၄ ဦးထိ မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၉၉၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၉,၅၈၉ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၅,၇၄၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၄,၁၉၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ အယောက် ၃,၈၂၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးမြို့မှာ နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ၅ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ရှေ့နေ ဦးသန်းထွန်းအောင်၊ ရှေ့ နေ ဒေါ်ယဉ်မာဝင်းနဲ့ အထက်တန်းရှေ့နေ ဦးဝင်းကျော်စိုးတို့ ၃ ယောက်ဟာ ချမ်းအေးသာစံ ခရိုင်တရားရုံးကို အမှုစစ်ဖို့ သွားရောက်ရာကနေ ဖမ်းဆီးခံခဲ့ရပြီး တခြားရှေ့နေ ၂ ယောက်ကတော့ မဟာအောင်မြေ တရားရုံးကနေ ပြန်ထွက်လာချိန်မှာ ဖမ်းဆီးခံခဲ့ရတာလို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၆ နာရီဝန်းကျင်လောက်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့မှာ နန်းမားအခြေစိုက် ၃၆၇ အမြောက်တပ်ဘက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရမ်းသန်းပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ နန်းမားဆေးရုံအနီး အောင်မင်္ဂလာရပ်ကွက်ထဲက နေအိမ်ခြံဝင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်ရှေ့မှာ ဖုန်းပြောနေတဲ့ ကိုဒီပါကို လက်နက်ကြီးကျည်စ ထိမှန်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ အကြမ်းဖက်စစ်အုပ်စုတပ်က အဆိုပါ နာရေးအိမ်ကို ဝင်ရောက်စီးနင်းပြီး နာရေးလာရောက်သူတွေ၊ မိသားစုဝင်တွေကို ဖမ်းဆီးပြီး ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးဖို့ လိုအပ်တယ်ဆိုကာ သင်္ဂြိုဟ်ခွင့်မပေးဘဲ ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013