Home
မြန်မာသတင်း
အရှုံးပေါ်နေသည့် နိုင်ငံပိုင်စက်ရုံများကို ပြန်လည်ပတ်ရန် စစ်ခေါင်းဆောင် ခိုင်းစေမှုကြောင့် တိုင်းပြည် ပိုမိုနစ်နာဆုံးရှုံးဖွယ်ရှိဟု သုတေသီများ သုံးသပ်
DVB
·
February 15, 2023
MM34_0

အရှုံးနဲ့ရင်ဆိုင်နေရတဲ့ နိုင်ငံပိုင် စက်ရုံ အလုပ်ရုံတွေကို ပြန်လည်ပတ်ဖို့  အကြမ်းဖက်စစ်ခေါင်းဆောင်က ခြိမ်းခြောက် ခိုင်းစေနေတာဟာ နိုင်ငံအတွက် များစွာ နစ်နာဆုံးရှုံးဖို့ ရှိနေတယ်လို့   သုတေသီတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

ရပ်တန့်ထားတဲ့ နိုင်ငံပိုင် စက်ရုံအလုပ်ရုံတွေကို ပြန်လည် လည်ပတ်ဖို့ ဆောင်ရွက်ရာမှာ အကုန်အကျ အနည်းဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြဖို့၊ မလိုလားအပ်တဲ့ ငွေကြေးကုန်ကျမှုတွေ မရှိအောင် မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန်နဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်း မရှိပါက အရေးယူခံရမယ်လို့ စစ်ခေါင်းဆောင်က စက်ရုံတာဝန်ရှိသူတွေကို ခြိမ်းခြောက်ခိုင်းစေထားတာ ဖြစ်ပါတယ်။

ယခင် အစိုးရလက်ထက်မှာ စီမံခန့်ခွဲမှု လွဲမှားမှုတွေကြောင့် တချို့နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေဟာ ရပ်ဆိုင်းခဲ့ရတယ်၊ ရပ်တန့်ထားတဲ့ စက်ရုံတွေဟာ နိုင်ငံအတွက် အရှုံးများသာ ဖြစ်ပေါ်စေလို့ ပြန်လည် လည်ပတ်နိုင်အောင် ဆောင်ရွက်ရမယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ နိုင်ငံပိုင်လုပ်ငန်းတွေဖြစ်တဲ့ စက်ရုံ အလုပ်ရုံတွေဟာ အရှုံးနဲ့ပဲ ရင်ဆိုင်နေရတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်ပြီး နိုင်ငံပိုင်စက်ရုံတွေက ထွက်တဲ့ပစ္စည်းတွေဟာလည်း ဈေးကွက်မဝင်၊ တွက်ခြေမကိုက် အရည်အသွေးမမီ၊၊ ကုန်ကြမ်းမရှိ၊ စက်တွေ ဟောင်းနွမ်းယိုယွင်းပျက်စီးနေတာဖြစ်လို့   NLD အစိုးရက ဒီစက်ရုံတွေကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အာဏာသိမ်းထားတဲ့ကာလမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရလို့ ရပ်တန့်ထားတဲ့ စက်ရုံတွေကို ပြန်လည်လည်ပတ်ဖို့ ပြင်ဆင်နေတာက ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ သုတေသီတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

စီးပွားရေးသုတေသီတဦးက “အရှုံးပြနေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို ပြန်လည် လည်ပတ်မယ်ဆိုတော့ သူက ဒီစက်ရုံ အလုပ်ရုံ အကြောင်းကို ဘယ်လောက် သိလဲ ဆိုတာကနေ စပြောရမယ် ထင်တယ်။ ပြီးတော့ ဒီစက်ရုံက ဈေးကွက် လိုအပ်ချက်နဲ့ ကိုက်ရဲ့လား။ ထုတ်လုပ်တဲ့အခါ အမြတ်ကောရှိရဲ့လား။ ဘာကြောင့်လဲဆို စီးပွားရေးအရ လေ့လာသုံးသပ်မှု ဆိုတာ လုပ်ရတယ်။ စက်ရုံလည်သင့် မလည်သင့် ဆိုတာ။ ပိတ်ထားတဲ့ စက်ရုံကြီး ရှုံးနေတဲ့ စက်ရုံကြီးကို လူကြားကောင်းအောင် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ ဆိုပြီး လည်ပတ်တယ် ထားဦး။ ဒါပေမဲ့ နိုင်ငံတော်က ဆက်ရှုံးနေမယ်ဆိုရင် အဲဒီအရှုံးက ဘယ်ထဲမှာ သွားဝင်မလဲဆို နိုင်ငံတော် ဘတ်ဂျက်ထဲမှာ သွားဝင်တာနော်။ နိုင်ငံတော်ဘတ်ဂျက် အနုတ်လက္ခဏာ ပြရတဲ့ အကြောင်းရင်းတွေထဲမှာ နိုင်ငံပိုင်လုပ်ငန်းတွေ ရှုံးတာက အကြောင်းရင်း တခုအနေနဲ့ ပါတယ်။ ပြန်လုပ်ချင်တယ် ဆိုတာလေးနဲ့ လုပ်လို့ မရဘူး။ ဒါက လက်ရှိ အကျိုး ရှိ၊ မရှိ နဲ့ နောက်တချက်က ရှုံးမယ်ဆိုရင် လုံးဝ မလုပ်သင့်ဘူး။ မြတ်တယ်ဆိုရင်တော့ တမျိုးပေါ့။ ဒါကို လုပ်သင့် မလုပ်သင့်ဆိုတာ ပညာရှင်အဖွဲ့နဲ့ သုံးသပ်ဖို့ လိုတယ်။ သူ့ဘာသာသုံးသပ်ပြီး လုပ်လို့ မရဘူး။ အဲ့အတွက် ဘက်ပေါင်းစုံ ပါဝင်တဲ့ အဖွဲ့ ဖွဲ့ရမယ်။ စီးပွားရေးရှုထောင့်ကနေ အမျိုးစုံ တွက်ချက်ရမယ်။ အဲ့လို မဟုတ်ရင်တော့ ထပ်ပြီးတော့ အမှားတွေပဲ ဖြစ်နေဦးမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါအပြင် စိုးရိမ်စရာက အရှုံးနဲ့ရင်ဆိုင်နေရတဲ့ နိုင်ငံပိုင် စက်ရုံအလုပ်ရုံတွေကို စစ်ခေါင်းဆောင်က နီးစပ်ရာ လာဘ်သိပ်ထိုး ဖြေရှင်းလိုက်ပါက နိုင်ငံအတွက် များစွာ နစ်နာဆုံးရှုံးဖို့ ရှိနေပါတယ်။

မက္ကရိုဘောဂဗေဒပညာရှင်တဦးက “မြန်မာပြည်မှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ ရှုံးတာ အခုမှ မဟုတ်ဘူး။ ကြာလာပြီ။ မဆလခေတ်မှာကတည်းက ရှုံးခဲ့တာ။ ဒါပေမဲ့ အဲ့ဒါကို ဒီလောက် နှစ်တွေ ကြာလာတဲ့အထိ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်ခဲ့ဘူး။ မလုပ်နိုင်တဲ့အပြင် အဲဒီ နိုင်ငံပိုင် စက်ရုံတွေကို တပ်မတော်လက်ထဲ အပ်ခဲ့တာ။ ဒါကြောင့် တပ်မတော် ချည်မျှင်နဲ့ အထည်စက်ရုံ၊ ငပိစက်ရုံတို့ အများကြီးပဲ။ တပ်မတော်လက်ထဲ ရောက်သွားခဲ့တာ။ ပြောရရင် နံပါတ် ၁ ဦးစားပေး အနေနဲ့ တပ်မတော် လက်ထဲ ရောက်သွားတယ်။ နံပါတ် ၂ ဦးစားပေးအနေနဲ့ ခရိုနီတွေ လက်ထဲ ရောက်သွားတယ်။ စက်ရုံတွေကို ဈေးပေါပေါနဲ့ ပေးပစ်လိုက်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါကြောင့် နိုင်ငံတော်အတွက် နစ်နာမှု မရှိအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်လို့ ပညာရှင်က  ဆက်လက်ပြောပါတယ်။

“အမှန်တကယ်တော့ အရှုံးပေါ်နေတဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို ဖြေရှင်းတဲ့နေရာမှာ နည်းလမ်းက ၃ မျိုး၊ ၄ မျိုးလောက်ရှိတယ်။ သီအိုရီအရ ပြောမယ်ဆိုရင် ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးတာ။ ပုဂ္ဂလိက လက်ထဲ ရောင်းချပေးတဲ့နေရာမှာ လာဘ်သိပ်ထိုး ရောင်းချရမှာ မဟုတ်ဘူး။ ပွင့်လင်းမြင်သာစွာနဲ့ ရောင်းချရမယ်။ ဈေးအမြင့်ဆုံးပေးနိုင်တဲ့သူ ပြီးတော့ နိုင်ငံ တော်အတွက် အကျိုးရှိမယ့်သူ အဲဒီလိုလူမျိုးဆီ ရောင်းချပေးရမှာဖြစ်တယ်။

ဒါပေမဲ့ ကျနော်တို့နိုင်ငံမှာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကို ပုဂ္ဂလိကဆီ လွှဲပြောင်းရောင်းချရာမှာ စနစ်တကျ လုပ်ခဲ့တာတခုမှ မရှိဘူး။ သူတို့နဲ့ နီးစပ်တဲ့သူတွေ ပြီးတော့ ခရိုနီတွေကို လာဘ်သိပ်ထိုး ပေးသွားတာတွေ အများကြီးပဲ။ ဒါက တိုင်းပြည်အတွက် အများကြီး နစ်နာရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ မဆလ တပါတီအာဏာရှင်ခေတ်နဲ့ စစ်အာဏာရှင်တွေ‌ ခေတ်အဆက်ဆက် လွဲမှားတဲ့ စိတ်ကူးယဉ်စီမံကိန်းတွေ၊ စီမံခန့်ခွဲမှု အလွဲအမှားတွေ၊ ကိုယ်ကျိုးရှာ အကျင့်ပျက် ခြစားမှုတွေကြောင့် နိုင်ငံပိုင် စက်ရုံ အလုပ်ရုံတွေ ချွတ်ခြုံကျ အရှုံးပေါ်နေခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024