
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ဥယျာဉ်တောင်ရပ်ကွက်၊ မနော်ဟရီလမ်းရှိ လူနေအိမ်တလုံးကနေ ဖေဖော်ဝါရီ ၁၄ ရက် ည ၉ နာရီခွဲလောက်က မီးစတင်လောင်ကျွမ်းခဲ့ပြီး ည ၁၂ နာရီခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဟင်္သာတမြို့နယ် မီးသတ်နဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
မီးလောင်မှုကြောင့် သန့်စင် အမှုန့်ကြိတ်စက်လုပ်ငန်း၊ နှစ်ထပ်အဆောက်အဦ ၂ လုံးနဲ့ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂,၀၀၀ ကျော် ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
အဲ့ဒီရပ်ကွက်က အမျိုးသားတဦးက အရက်မူးနေချိန် မီးရှို့ခဲ့တာကြောင့် သူ့ရဲ့နေအိမ်ပါ မီးလောင်မှုထဲ ပါသွားခဲ့ပြီး ရှို့တဲ့အချိန်က အဆိုပါအမျိုးသားရဲ့ မိသားစုဝင်တွေ အိမ်မှာရှိမနေခဲ့ဘူးလို့ သိရပါတယ်။
အဆိုပါရပ်ကွက်နေသူတဦးက “ပထမလောင်တဲ့အိမ်က အဲ့ဒီ မီးရှို့တဲ့လူရဲ့ အိမ်၊ နှစ်ထပ်အိမ်၊ နောက်အိမ်ကလည်း နှစ်ထပ်၊ နောက်ဆုံးလောင်တာက သန့်စင် အမှုန့်ကြိတ်စက်လုပ်ငန်း အိမ်ပါ။ သူတို့အမျိုးတွေက လျှပ်စစ်ဆိုင်လည်း ဖွင့်ထားတယ်။ အဲ့နေ့ကမှ သူတို့ဆိုင်အတွက် CCTV ပစ္စည်းတွေ သိန်း ၄၀၀ ဖိုးလောက် ဒီမှာလာချထားတာ။ အဲ့ဒါတွေပါ မီးထဲပါသွားတယ်။ ရှို့မီးလို့ပြောတယ်။ စလောင်တဲ့အိမ်ကလူက အရက်သောက်တာများပြီး ကြောင်နေတယ်၊ အဲ့ကနေ နှစ်အိမ်ဆက်လောင်တာ” လို့ ပြောပါတယ်။
၂ နာရီခွဲကြာ မီးငြှိမ်းသတ်ခဲ့ရတဲ့ မနော်ဟရီလမ်း မီးလောင်မှုက မီးရှို့သူ အမျိုးသားကို ဟင်္သာတမြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပြီး အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပါတယ်။