
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မန်ဆူကားကွင်းမှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာဌာနက ကွင်းဝင်ကြေးတွေကို တိုးမြှင့်ကောက်ခံနေပေမယ့် ကားကွင်း အဝင်အထွက်လမ်းတွေမှာ ပျက်စီးနေတဲ့ မြောင်းကူးတံတားတွေကို ပြုပြင်မပေးတာကြောင့် ယာဉ်လိုင်းပြေးဆွဲနေသူတွေနဲ့ ခရီးသည်တွေအတွက် အန္တရာယ်ရှိနေတယ်လို့ မြို့ခံလူထုတွေကပြောပါတယ်။
“အခုဆိုရင် မန်ဆူကားကွင်း အဝင်အထွက်လမ်းမှာရှိတဲ့ မြောင်းကူးသံပန်းတံတားဟာဆိုရင် ပျက်စီးနေပြီ။ အဲ့ဒီသံပန်းတံတားတွေကိုပဲ နေ့စဉ်ကား အစီးရေ ရာနဲ့ချီပြီး ဖြတ်သန်းနေရတော့ ပျက်စီးကုန်ပြီးပေါ့။ ကားဖြတ်နေရင်း တံတားကျိုးသွားမှာကို စိုးရိမ်နေရတယ်။ တံတားကျိုးသွားရင် ကားသမားတွေအတွက်ကော ခရီးသည်တွေအတွက်ပါ အသက်အန္တရာယ်ရှိနိုင်တယ်။ အဲ့ဒါကြောင့် စည်ပင်ကို ပြင်ပေးဖို့ပြောပေမယ့် ပြင်မပေးဘူး” လို့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာဌာနဟာ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေ အသက်အန္တရာယ်ရှိနိုင်တဲ့ မန်ဆူကားကွင်းအဝင်အထွက်က မြောင်းကူးတံတားတွေကို ပြုပြင်မပေးတဲ့အပြင် ကွင်းဝင်ကြေးတွေကိုတော့ အခုနှစ်ဆန်းပိုင်းက စတင်ပြီး တိုးမြင့်ကောက်ခံလာတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
“ပြီးခဲ့တဲ့ နှစ်တွေက ကွင်းဝင်ကြေးဟာ ကားတစ်စီးဝင်ရင် သုံးရာကောက်တယ်ဗျာ။ အခု ငါးရာကောက်တယ်။ ဆိုင်ကယ်တစ်စီးဆို အရင်က တစ်ရာ အခု နှစ်ရာကောက်တယ်ဗျာ။ ပြည်သူတွေဆီက ပိုက်ဆံတွေကိုတာ တိုးကောက်နေပေမယ့် ပြည်သူတွေအသက်အန္တရာယ် ကားကွင်းအဝင်အထွက်တံတားတွေကိုတော့ ပြုပြင်မပေးဘူး” လို့မြို့ခံတဦးက ပါတယ်။
အခုလက်ရှိ စည်ပင်သာယာဌာနနဲ့ နှင်းနှင်းခိုင်ကုမ္ပဏီတို့က လမ်းတွေချဲ့ကာ ရေမြောင်းတွေ တူးလိုက်တာကြောင့် ဖြစ်ပေါ်လာတဲ့ မန်ဆူကားကွင်းက မြောင်းကူးတံတားတွေဟာလည်း ကားကွင်းမှာရှိတဲ့ ယာဉ်လိုင်းဂိတ်တွေ ယာဉ်လိုင်းတွေနဲ့ ဈေးဆိုင်ခန်း တွေကနေ အချိုးကျကုန်ကျစာရိတ်နဲ့ ကိုယ်ထူကိုယ်ထ သံဘောင် သံတံတားတွေခင်းထားခဲ့တာဖြစ်ပါတယ်။
ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက “ကားလမ်းတွေချဲ့ ရေမြောင်းတွေတူးတော့ ကားကွင်းထဲက သူတွေက တစ်ဂိတ်ကို တစ်သောင်းထည့်ပြီး သံဘောင်၊ သံတံတား ခင်းထားတာ။ ကွန်ကရစ်တံတားခင်းမယ်ဆို သိန်းခြောက်ဆယ်လောက်ကုန်မယ်။ အဲ့ဒီတော့ စည်ပင်ကို အရင်ဆုံးတင်ပြတော့ စည်ပင်က နှင်းနှင်းခိုင်ကုမ္ပဏီနဲ့ ပဲဆိုင်တယ်ပြောတယ်။ ကျနော်တို့ နှင်းနှင်းခိုင်ကုမ္ပဏီကိုသွားပြောတော့ ကျမတို့ကစည်ပင်ကို လွှဲထားပြီးသားဖြစ်တယ်။ ကွင်းဝင်ကြေးတွေ ကောက်တော့ ဘယ်သူကကောက်တာလဲဆိုပြီး ပြန်မေးလာတယ်။ အဲ့ဒီတော့ကွင်း ဝင်ကြေးပိုက်ဆံကောက်တော့ စည်ပင်ကကောက်တယ်။ ကားသွားလာဖို့ တံတားကြတော့ စည်ပင်ကလုပ်မပေးဘူးဖြစ်နေတယ်” လို့ပြောပါတယ်။
ကိစ္စနဲ့ ပတ်သက်ပြီး လားရှိုးမြို့ စည်ပင်သာယာဌာနနဲ့ နှင်းနှင်းခိုင်ကုမ္ပဏီကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရပါဘူး။
မန်ဆူကားဝင်မှာရှိတဲ့ ကားဂိတ်တွေ၊ ဈေးဆိုင်ခန်းတွေနဲ့ ယာဉ်လိုင်းပြေးနေသူတွေနဲ့ ခရီးသွားပြည်သူတွေကတော့ နေ့စဉ်အသုံးပြုသွား လာဖြတ်သန်းနေရတဲ့ ကားကွင်း အဝင်အထွက်က မြောင်းကူးတံတားတွေကို ကွန်ကရစ်တံတားခင်းပေးဖို့ လိုလားနေကြပါတယ်။