Home
မြန်မာသတင်း
မုံရွာတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ခင်ဦး၌ စစ်တပ်မီးရှို့သဖြင့် ဒေသခံများ ထွက်ပြေးနေရ
DVB
·
February 15, 2023
329012685_508085888143179_1266196665395681914_n
329003573_484750347018716_2761543285529770422_n
329114895_587768489554493_7531191328321291313_n
328998885_1299015760663716_2418123672578848495_n
329239254_1277115009815188_4574923920279319445_n
329704920_892155318734115_4100429669902169074_n
330928964_1401224774035276_4126441504753372083_n
330978652_6659449204082533_243517632389612995_n
331044376_571584464883215_1162061299642215349_n
331076179_566135012207353_172547797045640596_n
329365255_3546738442237252_5960389686641211169_n

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်အနီး တပ်စွဲထားတဲ့ စစ်သားတွေကို ဖေဖော်ဝါရီ ၁၄ ရက် ည ၈ နာရီကျော်က မုံရွာခရိုင် PDF ပူးပေါင်းအဖွဲ့က အသံမိုင်းဖောက်ခွဲပြီး မျှားခေါ်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးသွားတယ်လို့ Chindwin Attack Force မုံရွာခရိုင်တပ်ရင်း ၂/၃/၄ အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

“အသံမိုင်းခွဲလိုက်တော့ ဘန်ကာထဲကနေ ထွက်လာကြတာ၊ အဲ့ဒီမှာ အလစ်ဝင်တိုက်တာ၊ စကစ တပ်သား ၂ ယောက် ပွဲချင်းပြီးသေတယ်” လို့ Chindwin Attack Force မုံရွာခရိုင်တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂/၃/၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂/၃/၄ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့၊ (Chindwin Attack Force) Spring Dove အဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် လက်နက်ခဲယမ်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြန်ကြားရေး တာဝန်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နဲ့ ၁၂ ရက်ကလည်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၃၊ တပ်ခွဲ-၃၊ ဂဋ္ဌုန်နက် PDF၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး အရာတော်မြို့နယ် နောင်ကြီးအိုင်ရဲစခန်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်‌ထားပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာ ၆ ရွာကို စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီ ၉ ရက်ကစပြီး ၄ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တဲ့ အတွက် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ရေဦးမြို့နယ်ဘက်ကနေ ခင်ဦးမြို့နယ်ထဲကို ဖေဖော်ဝါရီ ၉ ရက်က ဝင်ရောက် စစ်ကြောင်းထိုးလာတာဖြစ်ပြီး ခင်ဦးမြို့နယ်ထဲက သနပ်စိန်၊ စောကြီး၊ ကွမ်းတိုင်း၊ မင်းကန်ကြီး၊ လောင်းရှည်နဲ့ လက်ပံလှ ကျေးရွာတွေကို ၄ ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံ ၈,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၅ ရွာက နေအိမ် ၂၅၀ ဝန်းကျင် မီးလောင်ဆုံးရှုံးခဲ့ပြီး လောင်းရှည်ကျေးရွာက ဒေသခံတွေ ထွက်ပြေးနေရဆဲဖြစ်လို့ နေအိမ်တွေ ဘယ်လောက်ဆုံးရှုံးလဲ ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအခြေအနေက ဂျပန်ခေတ်နဲ့ အင်္ဂလိပ်ခေတ်က အခြေအနေတွေထက် အဆိုးဝါးဆုံး အခြေအနေကို ရောက်ရှိနေတယ်လို့လည်း အဲဒီအခြေအနေတွေကို မီခဲ့တဲ့ အသက် ၉၀ အရွယ် စစ်ဘေးရှောင် အဘွားအိုတဦးက ပြောပါတယ်။

အဲဒီလို ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ ဒေသခံတွေထဲမှာ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကလေးသူငယ်တွေလည်း ပါဝင်နေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခံလိုက်ရလို့ ဒုက္ခရောက်နေကြတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းတွေ အရေးပေါ် လိုအပ်နေပြီး စစ်ကောင်စီက အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်ထိ ခင်ဦးမြို့နယ်ထဲမှာ မီးရှို့ခံရတဲ့ အိမ်ခြေ ၃,၇၀၀ ဝန်းကျင်ထိရှိကာ လူဦးရေ ၂၀,၀၀၀ ဝန်းကျင် အိုးမဲ့အိမ်မဲ့ မီးဘေးဒုက္ခကြုံနေရတယ်လို့ ဒေသကူညီရေးအဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024