DVB Logo
Home
မြန်မာသတင်း
တိုကျေးရွာက နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ တနင်္သာရီဒေသခံ ၁ ထောင်ကျော် တိမ်းရှောင်နေရ
DVB
·
February 15, 2023
တိုကျေးရွာက နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ တနင်္သာရီဒေသခံ ၁ ထောင်ကျော် တိမ်းရှောင်နေရ
1 / 3
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တိုကျေးရွာမှာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့တာ နေအိမ်အလုံး ၁၀၀ ကျော် ရှိနေပြီလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

တိုကျေးရွာမှာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၃ ရက်အထိ ၄ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက PDF မိသားစုရဲ့အိမ်တွေ၊ CDM တွေရဲ့ အိမ်တွေနဲ့ ထောက်ပို့လုပ်နေတဲ့ ပြည်သူတွေရဲ့ အိမ်တွေကို အဓိကပစ်မှတ်ထား မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။

ဒေသခံတဦးက “ကျနော်တို့မှာ ပြန်စရာအိမ် မရှိတော့ဘူး။ ကိုယ့်အိမ်လေး မီးထဲပါသွားတာ ပြန်တွေးမိတိုင်း စခတွေကို မကျေနပ်ဘူး။ ဒီလုပ်ရပ်တွေဟာ တော်တော်မိုက်ရိုင်းပြီး လူမဆန်တဲ့ လုပ်ရပ်တွေပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တိုကျေးရွာမှာရှိတဲ့ ဒေသခံ ၄,၀၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ၃ လလောက်ကတည်းက မြို့ပေါ်နဲ့ ရွာအနီးနားက လယ်တောနဲ့ ဓနိတောတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ပုလောမြို့နယ်အတွင်း တိုက်ပွဲတွေ စိပ်လာတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားဖို့နဲ့ စစ်ရေးသတင်း နားစွင့်ထားဖို့ မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီဘက်က လက်နက်နဲ့ စစ်အင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာတာကြောင့် အနီးနားရှိကျေးရွာတချို့မှ ဒေသခံ ၁ ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံက ပြောပါတယ်။

တနင်္သာရီမြို့နယ်ရှိ လယ်သစ်၊ မော်တုံး၊ ကတော့ကန်းနဲ့ သရယ်ဖုံကျေးရွာက ဒေသခံတွေဟာ နီးစပ်ရာကျေးရွာနဲ့ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“ဘန်းလမွတ်ကျေးရွာအုပ်စုနဲ့ မော်တုံးကျေးရွာအုပ်စုတွေမှာ စစ်ကောင်စီဘက်က ကင်းချတာတွေ လှုပ်ရှားမှုတွေရှိနေပါတယ်။ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးမယ့် ပုံစံတော့ရှိတယ်။ ဒေသခံတွေကတော့ စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေပြီ”လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့က မရင်းကြီးရွာနဲ့ ဘန်းလမွတ်ရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါသေးတယ်။

စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီမြို့နယ်ဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013