
စစ်အာဏာသိမ်း ၂ နှစ်တာအတွင်း ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးနယ်မြေထဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်ရသူဦးရေဟာ ၄ သိန်းနီးပါးထိ ရှိလာခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုလိုအပ်ချက်တွေအတွက် တာဝန်ရှိသူတွေက အစွမ်းကုန်စီစဉ်ဆောင်ရွက်ပေးနေပေမယ့် ထွက်ပြေတိမ်းရှောင်ရသူတွေ တနေ့တခြားပိုမိုများပြားလာတာ၊ ကေအန်ယူအနေနဲ့ စစ်ရေးလိုအပ်ချက်တွေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို တပြိုင်နက်တည်း စီစဉ်ဆောင်ရွက်နေရတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က နောက်ဆုံးထုတ်ပြန်ချက်မှာတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာကြောင့် ကရင်ပြည်နယ်အတွင်း လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေက စိုးရိမ်စရာ ဖြစ်နေတယ်လို့ ပြောပါတယ်။
နိုင်ငံတဝန်းမှာတော့ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ သန်းခွဲကျော် ရှိလာပြီဖြစ်ပြီး ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၂ သန်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိ ပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးကြရသူတွေလို ဆိုပါတယ်။
ကေအန်ယူနယ်မြေထဲမှာတော့ အာဏာသိမ်း ၂ နှစ်တာ တိုက်ပွဲတွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် (K.N.L.A)၊ က ရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တွေရဲ့ စစ်ရေးဦးဆောင်မှုအောက်က စစ်ကြောင်းတွေ၊ Drone တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က တိုင်းပြည် လွတ်လပ်ရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ရင်း ၂၄ ယောက် အသက်ပေးလှူခဲ့ပြီး ၇၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ လတာအတွင်းမှာတော့ ကေအန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၄၃၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ် ကောင်စီတပ်တွေနဲ့ လက်အောက်နယ်ခြားစောင့်တပ် (B.G.F) တွေဘက်က ၄၆၉ ယောက်သေဆုံးခဲ့ကာ ၃၆၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။