DVB Logo
Home
မြန်မာသတင်း
အမေရိကန်အစိုးရက NUG ကို တရားဝင်ဆက်ဆံမှုပြုလုပ်လာဟု ‌နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြော
DVB
·
February 14, 2023
အမေရိကန်အစိုးရက NUG ကို တရားဝင်ဆက်ဆံမှုပြုလုပ်လာဟု ‌နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြော
Donate to DVB

တရားဝင်အစိုးရတရပ်အဖြစ် တရားဝင်ဆက်ဆံမှုလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်းဆိုချက်ကို အမေရိကန်အစိုးရဘက်က လိုက်လျောမှုရှိလာတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ကောင်စီတို့ဟာ နိုင်ငံတကာက အစိုးရတရပ်အဖြစ် အသိအမှတ်ပြုခံရရေးအတွက် သံတမန်နည်းအရ အပြိုင်ကြိုးပမ်းခဲ့ကြတာပါ။

အာဏာသိမ်းမှု ၂ နှစ်ကျော်ကြာလာချိန်မှာ ရွေးကောက်ခံကိုယ်စားလှယ်တွေ ဦးဆောင်တဲ့ NUG ဟာ နိုင်ငံတကာသံတမန်ဆက်ဆံရေးမှာ အသာစီးရလာပြီး အင်အားကြီးအနောက်နိုင်ငံတွေရဲ့ ပေါ်ပေါ်ထင်ထင် အားပေးမှုကို ရရှိလာပါတယ်။

NUG ကို အစိုးရတရပ်အဖြစ် နိုင်ငံတကာက အသိအမှတ်မပြုသေးပေမဲ့ အမေရိကန်၊ ဥရောပနဲ့ အနောက်အင်အားကြီးနိုင်ငံတွေရဲ့ တရားဝင်ဆက်ဆံမှုတွေ၊ အသိအမှတ် ပြုတာတွေကို ရလာတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ  NUG နိုင်ငံခြားရေးရုံးဖွင့်ပွဲနဲ့အတူကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြောသွားတာရှိတယ်။ ဒီနှစ်ပတ်လည်မှာလေ သတိထားမိမယ် ထင်ပါတယ်။ နောက်ထပ် တတိယနှစ်ပတ်လည်ဆိုတာ မရှိစေရဘူးဆိုတဲ့၊ တော်တော်အားတက်စရာကောင်းတယ်။ ဒါက တပိုင်းပေါ့နော်။ အမေရိကန်ပြည်ထောင်စုက တာဝန်ရှိတဲ့ အကြီးအကဲတွေ ပြောတဲ့စကား။ ကျမတို့ကို Official recognize (တရားဝင် အသိအမှတ်ပြုမှု) မလုပ်ရင် official engagement (တရားဝင်ထိတွေ့ဆက်ဆံမှု) လုပ်ပါ ဆိုပြီးတော့ ကျမတို့ တိုးပြီးတောင်းဆိုထားတာရှိတယ်။ ပြောရမယ်ဆိုရင် ဒီရုံးခန်းဖွင့်ပွဲမှာ တာဝန်ရှိတဲ့သူတွေ တက်ရောက်တာကိုက ကျမတို့တောင်းဆိုထားတဲ့ official engagement ကို သဘောတူပြီးတော့ Engagement လုပ်တဲ့သဘောလို့ ပြောလို့ရပါတယ်။”

စစ်ကောင်စီကို အကြမ်းဖက်လုပ်ရပ်တွေ ပြုလုပ်နေတာ ရပ်တန့်ဖို့၊ ဖမ်းဆီးခံ ခေါင်းဆောင်တွေနဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေ ပါဝင်တဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၂၂ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ချမှတ်ခဲ့ပါတယ်။ 

ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ပါ တိုက်တွန်းချက်တွေကို စစ်ကောင်စီက လိုက်နာတယ်၊ မလိုက်နာဘူး ဆိုတာကို လာမယ့် မတ်လ ၁၅ ရက်နေ့ မတိုင်ခင်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် နိုလင်းဟေဇာက ကုလလုံခြုံရေးကောင်စီထံမှာ အစီရင်ခံစာ တင်သွင်းရမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက “ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် (Special Envoy) က မတ်လ ၁၅ ရက်နေ့ မတိုင်ခင်မှာ လုံခြုံရေးကောင်စီကို အစီရင်ခံစာတင်ရမယ်။ လောလောဆယ် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ ကြားမှာတော့ ဘယ်လို Format ဖြစ်မလဲ၊ Close door ဖြစ်မလား၊ Private ဖြစ်မလား၊ Open Debate ဖြစ်မလား၊ ပြောနေ ဆွေးနွေးနေကြတာမျိုး ရှိတယ်။ မတ်လဖြစ်တဲ့အတွက် အဲဒီကာလမှာ မိုဇမ်ဘစ်နိုင်ငံက ဥက္ကဋ္ဌဖြစ်မယ်။ ဘယ်လိုပုံစံမျိုးနဲ့ သူ့အလုပ်ပုံစံကို ရေးဆွဲမလဲ ဆိုတာကတော့ မသိရသေးဘူး။ ဒါပေမဲ့လည်း မတ်လ ၁၅ ရက်နေ့ မတိုင်ခင်မှာ မြန်မာကိစ္စ ဆွေးနွေးရမယ်ဆိုတာ၊ ပါကိုပါရမယ်ဆိုတဲ့ သဘောတော့ ရှိတယ်။ မြန်မာပြည်သူတွေ ဘယ်လောက်ခံစားနေရတယ်၊ ဘယ်လောက်ဒုက္ခရောက်နေတယ်ဆိုတာ လူတိုင်းသိတယ်။ အဲဒီ သိတဲ့ဥစ္စာကို ပိုသိအောင်၊ လူတွေ အဖွဲ့ဝင်နိုင်ငံတွေ များများပြောလို့ရအောင် လုပ်ပေးဖို့အတွက်ကို ကျနော်တို့ အမြဲတမ်းတိုက်တွန်းနေတယ်။ Open Debate Format နဲ့ လုပ်ပေးဖို့ ဆိုတာကတော့ တိုက်တွန်းနေတယ်။ နိုင်ငံအများက ဝင်ရောက်ပြောဆိုနိုင်တဲ့ ပုံစံမျိုးနဲ့ မြန်မာနိုင်ငံကို ဆွေးနွေးနိုင်လေ ပိုကောင်းလေဆိုတာကို ကျနော်တို့ တိုက်တွန်းလျက်ရှိတယ်ပေါ့နော်” လို့ ပြောပါတယ်။

NUG က နိုင်ငံတကာဆက်ဆံရေးမှာ အသာစီးရလာတယ်ဆိုပေမဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံတကာသံရုံးတွေနဲ့ သံအမတ်တွေဟာလည်း တည်ရှိ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီလက်အောက်ခံ သံအမတ်တွေဟာ သံတမန်အသိုင်းအဝိုင်းမှာ အရှက်တကွဲအဖြစ်တွေနဲ့ ကြုံတွေ့နေရပြီး ဂုဏ်သရေရှိ အသိုင်းအဝိုင်းကနေ အကြဉ်ခံရတာမျိုး ဖြစ်နေပါတယ်။

“မြန်မာပြည်သူလူထုနဲ့အတူတူ၊ ထို့အတူ NUG အစိုးရနဲ့အတူတူပေါ့ ရပ်တည်ကြောင်း ပြသတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ရပ်တည်ချက်က တော်တော်လေးရှင်းလင်းပါတယ်။ သံရုံးတွေ ဆက်ဆံမှုအပိုင်းမှာလည်း ဘယ်သံရုံးနဲ့၊ သူတို့သံရုံးနဲ့ ဆက်ဆံသလား၊ ကျမတို့နဲ့ Engagement ပိုလုပ်သလားဆိုတာကို ကြည့်ခြင်းအားဖြင့်၊ လက်တွေ့ဆက်ဆံရေးတွေကို ကြည့်ခြင်းအားဖြင့် အဆင့်အတန်းက တွက်ဆလို့ရလိမ့်မယ်လို့ ကျမအနေနဲ့ မြင်ပါတယ်” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာ ပြုလုပ်ခဲ့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးဖွင့်ပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး တက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအစုအဖွဲ့တွေ၊ မြန်မာပြည်သူတွေရဲ့ ခိုင်မာတဲ့မိတ်ဘက်အဖြစ် ဆက်ရှိသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဏာသိမ်းစ ကာလတွေမှာ နိုင်ငံတကာအစိုးရတွေရဲ့ လှုပ်ရှားမှုတွေဟာ နှေးကွေးခဲ့ပေမဲ့ ၂၀၂၂ နှောင်းပိုင်းမှာတော့ မြင်သာတဲ့ ဆောင်ရွက်ချက်တွေ ရှိလာတာ ဖြစ်ပါတယ်။

Photo-NUG

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013