Home
မြန်မာသတင်း
ညောင်လေးပင်ဘူတာတွင် ဗုံးပေါက်၊ ၃ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရ
DVB
·
February 14, 2023
330898657_743900173966423_732034927405936511_n

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ မြို့မ ၃ ရပ်ကွက်၊ ညောင်လေးပင်ဘူတာ၊ အမှတ် ၁ စင်္ကြံ ပလက်ဖောင်းပေါ်မှာ ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ် ‌၁၂ နာရီ မိနစ် ၂၀ က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၃ ဦးသေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

ခရီးသည်တွေ ရထားစောင့်ဆိုင်းနေချိန်မှာ အဆိုပါဗုံး စတင်ပေါက်ကွဲတာလို့ သိရပြီး ပေါက်ကွဲမှုကြောင့် ကျား ၁ ဦး၊ မ ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူတွေကို ဆေးရုံပို့ဆောင်နေတဲ့လမ်းမှာ မ ၁ ဦး ထပ်မံသေဆုံးသွားခဲ့တာပါ။

ညောင်လေးပင်အခြေစိုက် လူမှုကူညီရေးအသင်းက “၁၂ နာရီခွဲကျော်ကျော်လောက် အသင်းကို ဖုန်းဆက်အကူအညီတောင်းလို့ ကားနှစ်စီးနဲ့ သွားရောက်ကူညီခဲ့တာပါ။ ရောက်တော့ အားလုံး ၁၂ ယောက် ထိမှန်ထားတယ်။ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးက သွေးထွက်လွန်နေပြီး မမီတော့ဘူး။ တခြားအသင်းတွေနဲ့ ကျန်တဲ့လူတွေကို ကားပေါ်တင်ကြပြီး ဆေးရုံသွားကြတာ၊ လမ်းမှာ အမျိုးသမီး ၁ ဦး ထပ်ဆုံးသွားတယ်၊ ကျန် ၉ ဦးထဲက စိုးရိမ်ရတဲ့ ၃ ယောက်ကို ပဲခူးဆေးရုံပို့ထားပြီး ၆ ယောက်ကို ဒီညောင်လေးပင်မှာပဲ အတွင်းလူနာအဖြစ် ထားထားပါတယ်” လို့ ပြောပါတယ်။

သေဆုံးသွားသူ ၃ ဦးမှာ ကိုသက်နိုင်ထွန်း (၃၁ နှစ်)၊ မလဲ့လဲ့အေး (၃၆ နှစ်)၊ မနွဲ့နွဲ့ဝင်း (၄၂ နှစ်) တို့ဖြစ်ကြပြီး တောင်တွင်းကြီးမြို့ကနေ ညောင်လေးပင်မြို့မှာ အလုပ်လာ‌ရောက် လုပ်ကိုင်နေသူတွေလို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ တိုင်းမှူးတို့ လာရောက်စစ်ဆေးခဲ့တယ်လို့ သိရပြီး ဒီဖောက်ခွဲမှုဖြစ်စဉ်ကို ဘယ်အဖွဲ့က လုပ်ဆောင်သလဲ ဆိုတာ သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

ဓာတ်ပုံ ( ရွှေရဲနွယ် လူမှုကူညီရေးအသင်း၊ Facebook၊ MRTV )

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024