DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားသား ဝင်ရောက်မှုနည်းသဖြင့် ဟိုတယ်လုပ်ငန်းအားလုံး၏ ၂၅ ရာခိုင်နှုန်း ပြန်မလည်ပတ်နိုင်သေး
DVB
·
February 13, 2023
နိုင်ငံခြားသား ဝင်ရောက်မှုနည်းသဖြင့် ဟိုတယ်လုပ်ငန်းအားလုံး၏ ၂၅ ရာခိုင်နှုန်း ပြန်မလည်ပတ်နိုင်သေး
Donate to DVB

လက်ရှိ မြန်မာနိုင်ငံ ခရီးသွားရာသီအတွင်းမှာ ထိုင်းနဲ့ ရုရှားခရီးသည် အနည်းငယ်က လွဲရင် နိုင်ငံခြားသားခရီးသွားဧည့်သည် မဝင်ရောက်တာကြောင့် ဟိုတယ်တွေဟာ ပြည်တွင်းခရီးသွားတွေကိုသာ အဓိကအားထားနေရတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

လက်ရှိမှာ အပန်းဖြေခရီးအနေနဲ့ Group Tour နဲ့ ထိုင်းနိုင်ငံက လာရောက်တာသာ ရှိပြီး နှစ်ယောက်တွဲ၊ ၃ ယောက်တွဲအနေနဲ့ ရုရှားနိုင်ငံက ဝင်ပြီး နိုဝင်ဘာနဲ့ ဒီဇင်ဘာလထက်စာရင် ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာ ခရီးသွားအနည်းငယ် တက်လာတယ်လို့ ခရီးသွားလုပ်ငန်းရှင်များအသင်းဆီက သိရပါတယ်။

ဒါပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆို ဟိုတယ်အားလုံးရဲ့ ၂၅ ရာခိုင်နှုန်း ပြန်လည်ပတ်ဖို့ မသေချာသေးဘူးလို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

"ကျနော်တို့ သိသလောက် အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက်က ပိတ်ထားရတယ်။ ဥပမာ- မုံရွာလိုမျိုး၊ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ဟိုတယ်တွေ၊ အရင်က နိုင်ငံခြားတွေ အားထားနေရတဲ့ ဟိုတယ်တွေ၊ အခြား သီပေါလို နေရာမျိုးတွေ၊ အဲ့နေရာတွေက ဟိုတယ်တွေက နိုင်ငံခြားသား ဝင်ရောက်မှု လုံးဝ မရှိတော့တဲ့အတွက် ထိခိုက်မှုများသွားတယ်။ ကျန်တဲ့ ကမ်းခြေလို နေရာမျိုးတွေတော့ ဖွင့်နေသေးတယ်။ အဲ့နေရာမှာတော့ ပြည်တွင်းဧည့်သည်တွေ ရှိနေသေးတယ်။ ၅၀ ရာခိုင်နှုန်းလောက်က လုပ်ငန်း ရပ်တန့်သွားတယ်လို့ ပြောရတယ်။ ဟိုတယ်အသင်းတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြောရင် ဟိုတယ်အားလုံးရဲ့ ၂၅ ရာခိုင်နှုန်း ပြန်လည်ပတ်ဖို့ မသေချာသေးပါဘူး တနိုင်ငံလုံး အတိုင်းအတာနဲ့" လို့ ခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဖွင့်လှစ်ထားတဲ့ ဟိုတယ်တွေမှာ ပုံမှန်အတိုင်း အခန်းပြည့် မဖွင့်လှစ်နိုင်ဘဲ ဟိုတယ်မှာ အခန်း ၅၀ ရှိရင် ၁၅ ခန်းလောက်သာ ဖွင့်လှစ်နိုင်တာကြောင့် ဝန်ထမ်းဦးရေ လျှော့ချနေရတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြည်တွင်းခရီးသွားတွေဟာလည်း ပဋိပက္ခ ဖြစ်ပွားမှု နည်းပါးတဲ့ ဒေသဖြစ်တဲ့ ပုဂံညောင်ဦး၊ ပြင်ဦးလွင်၊ ချောင်းသာ၊ ငွေဆောင် စတဲ့နေရာတွေကိုသာ အများဆုံး သွားရောက်ကြတယ်လို့ ဆိုပါတယ်။

ခရီးသွားလုပ်ငန်းရှင်များအသင်းရဲ့ တာဝန်ရှိသူက "တလချင်းအနေနဲ့ တိုးတက်မှုက ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်။ တကယ်တမ်း ကိုဗစ် မတိုင်ခင် အခြေအနေနဲ့ ယှဉ်ရင် တော်တော်ကြီးနည်းသေးတယ်။ ကိုဗစ် မတိုင်ခင်နဲ့ ယှဉ်ရင် ၅ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်။ အခု အသွားအများဆုံးက ရန်ကုန် အနီးနားတဝိုက်ပဲရှိမယ်။ ရန်ကုန်၊ ပဲခူး၊ ကျိုက်ထီးရိုးတဝိုက်မှာ ထိုင်းခရီးသွားတွေ ဘုရားဖူးသွားတာရှိမယ်။ ကျနော်တို့မှာ အများကြီး မရှိပါဘူး။ အနောက်နိုင်ငံက ဝင်လာတဲ့ ရုရှားခရီးသည်တွေကျတော့ ပုဂံ၊ မန္တလေးနဲ့ အင်းလေး ဒေသတွေကို သွားကြတယ်"လို့ ပြောပါတယ်။

အရင်က ပြည်ပ ခရီးသွားတွေကိုသာ အဓိက အားထားလက်ခံတဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေဟာ အခုချိန် နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု မရှိသလောက် နည်းပါးတာကြောင့် ပြည်တွင်း ခရီးသွားတွေအတွက် ဈေးနှုန်း လျှော့ချပြီး အသက်ဆက်နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

၂၀၂၃ ဇန်နဝါရီလ လယ်ပိုင်းက စတင်ကာ ပြည်တွင်းခရီးသွား အရေအတွက် ၂၀၂၂ အောက်တိုဘာ၊ နိုဝင်ဘာလတို့ထက်စာရင် ၅ ပုံ ၃ ပုံလောက် လျှော့ကျသွားတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်တဦးက "ခရီးသွားလုပ်ငန်းရဲ့ အသက်သွေးကြောက လုံခြုံရေးပေါ့။ နိုင်ငံရေး မတည်ငြိမ်မှုအောက်မှာ အဓိက လုံခြုံမှုနည်းသွားတယ်။ စီးပွားရေး ကျဆင်းသွားတယ်။ လူတွေရဲ့ ဝင်ငွေ နည်းသွားတယ်။ ခရီးသွားလုပ်ငန်းမှာသုံးတဲ့ Spending power နည်းသွားတယ်။ အကုန် တိုက်ရိုက် ဆက်စပ်နေတာပေါ့။ လာမယ့်နှစ်လည်း တိုင်းပြည် အခြေအနေ ဘာမှ မထူးရင် ဒီတိုင်းပဲ ဆက်သွားမယ်လို့ မြင်တယ်။ အရင်တုန်းက ခရီးသွားရာသီက ၈ လလုပ် ၄ လ နားလေ။ အခုက ၄ လလုပ် ၈ လနား အဲ့လို ပြောင်းပြန်ဖြစ်သွားတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

ကိုဗစ် မတိုင်ခင်က မြန်မာနိုင်ငံမှာ နယ်စပ်ဂိတ်တွေ ဖွင့်လှစ်ထားပြီး၊ တရုတ်နဲ့ ထိုင်းနယ်စပ်ကနေ နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှုက ၁.၈ သန်း ဝင်ရောက်ခဲ့ပြီး၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ခရီးသည် ဝင်ရောက်မှု ၂ သန်း ရှိကာ စုစုပေါင်း ၄ ဒသမ ၃ သန်း ဝင်ရောက်ခဲ့ပါတယ်။

ပြည်တွင်း မငြိမ်မသက်မှုတွေကြောင့် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေကို ဗြိတိန်နိုင်ငံသားတွေ မသွားကြဖို့ ယူကေနိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း ထုတ်ပြန်ထားပြီး၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံကို အန္တရာယ်အရှိဆုံး မသွားသင့်တဲ့နိုင်ငံ အဆင့် ၄ သတိပေးချက်အဖြစ်  ၂၀၂၂ ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013