
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အင်းကျော်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး စစ်ကောင်စီတပ်က ဒေသခံတဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့ စစ်ဌာနချုပ်က စစ်ကောင်စီတပ်သားတွေနဲ့ တောင်အူကျေးရွာက ပျူစောထီး ပူးပေါင်းအဖွဲ့ ခန့်မှန်းခြေ အင်အား ၁၀၀ ခန့်ဟာ တောင်အူရွာမြစ်ဆိပ်ကနေ အင်းကျော်ကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ ဆိုပါတယ်။
အဆိုပါ အင်းကျော်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၈၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၈ ရက်က စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံခဲ့ရတာဖြစ်ပြီး အင်းကျော်ကျေးရွာကို စစ်ကောင်စီတပ်က ပြန်လည်ထွက်ခွာချိန် ကျေးရွာတွင်းကို ရှင်းလင်းရေး ဝင်ရောက်ပေးတဲ့ ကလေး PDF ရဲဘော်တဦးလည်း မိုင်းထိမှန်ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီအနေတဲ့ အင်းကျော်ရွာကို မီးရှို့မှုအပေါ် ဒေသခံတဦးက “အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်တွေကို သက်သက်မဲ့ မီးရှို့ခံခဲ့ရတာပါ။ ကျမတို့တော့ သူတို့စစ်ကြောင်းဝင်လို့ သူတို့ကြောက်လို့ ပြေးနေခဲ့ရတာ။ ရွာထဲကို ရွာကာကွယ်ရေးတပ်က ရှင်းလင်းပြီးမှ ပြန်ဝင်ခဲ့တာ။ ကျေးရွာအနီး ယာတောက ဦးဖိုးလုံးကိုလည်း ဖမ်းသွားတယ်” လို့ ပြောပါတယ်။
ဦးဖိုးလုံး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က အင်းကျော်ကျေးရွာဘက်ကို နယ်မြေရှင်းလင်းရေး ဝင်ရောက်ရာမှာ PDF သင်တန်းဆင်းထားတဲ့ တက်မောင်လုံး (ခ) ဖိုးလုံးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အင်းကျော်ကျေးရွာဟာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာတွေဖြစ်တဲ့ တောင်အူရွာ၊ ပျဉ်သာရွာနဲ့ နီးကပ်နေတဲ့ကျေးရွာတရွာဖြစ်ပြီး အရင်နှစ်ကလည်း စစ်ကောင်စီရဲ့ သုံးကြိမ်တိုင် မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံနေအိမ် ၂၀ ကျော် မီးလောင်ဆုံးရှုံးထားပါတယ်။
မကွေးတိုင်း ဆိပ်ဖြူနဲ့ ရေစကြိုမြို့နယ်တွေမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ က ခရီးသွားပြည်သူ ၂ယောက်ကို PDF နဲ့ပတ်သက်ဆက်နွယ်သူတွေလို့ စွပ်စွဲပြီး စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဆိပ်ဖြူမြို့နယ် ကဇွန်းမရွာနားမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက် ၁၀ နာရီလောက်က ချောက်မြို့ကနေ ဆောမြို့ဘက်ကို ထွက်ခွာလာတဲ့ ခရီးသည်တင်ကား တစီးကို စစ်ကောင်စီတပ်သားတွေက တာဆီးကာ ကားပေါ်မှာလိုက်ပါလာတဲ့ ကိုရဲဇော်ဖြိုးကို PDF နဲ့ပတ်သက်ဆက်နွယ်သူလို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတာလို့ ကန်ဇွန်းမကျေးရွာ ဒေသခံတယောက်က Dvb ကိုပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ကိုရဲဇော်ဖြိုးရဲ့ လက်ကိုင်ဖုန်းကို သိမ်းဆည်းပြီး ကန်ဇွန်းမနယ်မြေ ရဲစခန်းကို ခေါ်သွားကြပြီး စစ်ဆေးမေးမြန်းတာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ် ဖူလုံရွာနားမှာလည်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေလည် ၁၂ နာဂီလောက်မှာ ခရီးသွားဆိုင်ကယ်တစီးကို စစ်အုပ်စုတွေက ရပ်တန့်စစ်ဆေးပြီး ဆိုင်ကယ်မောင်းလာတဲ့ ကိုချမ်းမင်ကို ဖမ်းဆီးသွားကြတယ်လို့ ဖူလုံကျေးရွာဒေသခံတယောက်က ပြောပါတယ်။
ကိုချမ်းမင်းရဲ့ လက်ကိုင်ဖုန်းနဲ့ဆိုင်ကယ်ကို သိမ်းဆည်းပြီး ရေစကြိုမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ ရေစကြို မြို့ဝင် မြို့ထွက်ဂိတ်တွေမှာ ခရီးသွားပြည်သူတွေကို နေ့စဥ်စစ်ဆေးပြီး အကြောင်းအမျိုးမျိုပြပြီး ဖမ်းဆီးကာ ငွေညှစ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃၈၈၄ ယောက်ရှိပြီး အဲဒီထဲက ၂၄၃၉ ယောက်ဟာ
ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဖေဖေယ်ဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။