မြန်မာပြည်တွင်း စစ်တပ်ထောက်ခံသူတွေ အများစုနေထိုင်တဲ့ နေရာဒေသတွေမှာသာ စစ်ကောင်စီ နယ်လှည့်ဆေးအဖွဲ့တွေက လိုက်လံ ဆေးကုသပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြိုင်သာယာကျေးရွာနဲ့ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာတို့မှာ စစ်ကောင်စီ နယ်လှည့်ဆေးအဖွဲ့က ဆေးကုသပေးတာနဲ့ ရောဂါစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေး ရုပ်မြင်သံကြားဌာနကနေ ဝါဒဖြန့်ထုတ်လွှင့်ခဲ့ပါတယ်။
တကယ်တမ်းမှာ ကျောက်ပန်းတောင်းမြို့နယ်မှာ ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၁၀၉ ခု၊ ကျေးရွာပေါင်း ၃၃၉ ရွာအထိ ရှိတာဖြစ်ပေမဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ အများစုရှိတဲ့ မြိုင်သာယာ၊ ညောင်ပင်သာ၊ ဈေးကုန်း၊ ကြက်မောက်တောင်ဆည်အနီးက ရွာတွေက လူနာ ၇၅၀ ကျော်ကိုသာ ကုသပေးခဲ့တာပါ။
ကျောက်ပန်းတောင်မြို့ခံတဦးက “မြိုင်သာယာက ပြည်ခိုင်ဖြိုးတွေများတယ်။ လူဦးရေ ၃,၀၀၀ လောက်ပဲ ရှိတယ်။ ဒီက ဘုန်းကြီးကျောင်းမှာ သူတို့ လာကုတာ။ သုံးလေးရက် အလိုကတည်းက ပြချင်သူတွေကို စာရင်းလုပ်ထားခိုင်းတယ်။ သူတို့ နေ့ခင်းကျ ထမင်းကျွေးတာကလည်း ရွာကျောင်းက ချက်ရတာ။ လူကြီးတွေလာရင် ထွက်နှုတ်ဆက်ဖို့ မြိုင်သာကပဲ စီစဉ်ရတာ။ ဒီဘက်က ဆည်ရှိတော့ ရေလည်းမှန်တော့ စိုက်လည်းဖြစ်တယ်။ စီးပွားရေး ကောင်းတယ်ပေါ့။ ဆေးကုနိုင်တယ်လေ။ သူတို့ စိတ်ရင်းတကယ်မှန်ရင် ဗျတ္တပန်းဆက်လမ်းတလျှောက်က ရွာတွေ သွား။ အဲ့မှာ မိုးလည်းမရ၊ ရေလည်းမမှန်၊ ဒီကာလဆို သောက်ရေရှားလို့ ဝမ်းဖောဝမ်းရောင်တာတွေ အများကြီးပဲ။ တကယ်ကုချင်ရင် ပြောတာ” လို့ ပြောပါတယ်။
အဲ့ဒီနေ့က မြိုင်သာယာရွာရှိ ပြည်လုံးချမ်းသာဘုန်းကြီးကျောင်းမှာ ဆေးကုပေးတာလို့ သိရပြီး ဆေးကုသသူတွေကို နေ့လယ်စာနဲ့ ဧည့်ခံခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းလွှင့်ပေမဲ့ ရွာဘုန်းကြီးကျောင်းမှာပဲ ချက်ကျွေးရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာလည်း ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၇၆ ခု၊ ကျေးရွာပေါင်း ၄၄၂ ရှာရှိတဲ့အနက် မလက်တိုရွာနဲ့ ကျောင်းရွာ၊ ထနီးတို့က ဒေသခံ ၈၈၅ ဦးကို ဆေးကုသပေးခဲ့တယ်လို့ သိရပြီး မလက်တိုကျေးရွာမှာ မလက်တိုရဲစခန်း ရှိတဲ့အပြင် ကျောင်းရွာ၊ ထနီးရွာတို့က ပြည်ခိုင်ဖြိုးပါတီဝင်တွေ အများစုရှိတဲ့ရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။