DVB Logo
Home
မြန်မာသတင်း
ပကာရီရဲကင်းစခန်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး၊ ၁ ဦးဒဏ်ရာရ
DVB
·
February 13, 2023
ပကာရီရဲကင်းစခန်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး၊ ၁ ဦးဒဏ်ရာရ
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာရဲကင်းစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်တဦး ကျဆုံးပြီး တခြားတဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ဥသြစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ပကာရီကျေးရွာ ရဲကင်းစခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက် မနက်အစောပိုင်းက ​ဥသြစစ်ကြောင်း အပါအဝင် မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နာရီဝက်လောက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဒရုန်းနဲ့ဗုံးကြဲတာ၊ ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကျဆုံးခဲ့တဲ့တပ်ဖွဲ့ဝင်ဟာ အသက် ၁၇ နှစ်ခန့်ရှိသူ လူငယ်တဦးဖြစ်ပြီး လက်နက်ကြီးကျည်ဆန် ထိမှန်ကျဆုံးခဲ့တာလို့ ဥသြစစ်ကြောင်း တပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၈ ဦးကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဥသြစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ထားဝယ်မြို့နဲ့ ၉ မိုင်ခန့်အကွာ ထားဝယ်-ထီးခီးနယ်စပ် ကားလမ်းမကြီးပေါ်မှာရှိတဲ့ ပကာရီကျေးရွာ ရဲကင်းစခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းကို စွန့်ခွာထားတဲ့အချိန် PDF ပူးပေါင်းတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ထားဝယ်-ထီးခီးကားလမ်းပိုင်းတချို့နဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိပြီး အဲဒီကားလမ်းတလျှောက် ခရီးမသွားကြဖို့ နှစ်ဘက်စလုံးက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေနဲ့ ထားဝယ်မြို့နယ် ဝကုန်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ ဘဲမတ်တပ်တောင်တိုက်ပွဲအတွင်း အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဥသြစစ်ကြောင်း စစ်ကြောင်းမှူး ဖထီး ကျည်ဆန်ထိမှန်ကျဆုံးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013