
ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင် ရေပြင်ထဲမှာ လှေနဲ့ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၁ ဦးကို ဖမ်းဆီးရမိတယ်လို့ ရနောင်းဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ရနောင်းမြို့နယ် ပတ်နမ့်ကျေးရွာအုပ်စုတွင်းရှိ ပင်လယ်ပြင်ထဲမှာ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၆ နာရီလောက်က မသင်္ကာဘွယ်လှေတစင်း ကူးခတ်ဝင်ရောက်လာကြောင်း ဒေသခံတွေက သတင်းပေးတာကြောင့် တာဝန်ရှိသူတွေက လှေနဲ့သွားရောက်စစ်ဆေးပြီး အနီးဆုံးဖြစ်တဲ့ ကော်ဆရနိယကျွန်းကို ကပ်ခိုင်းခဲ့ပါတယ်။
အဆိုပါလှေမှာ “ကျော်” အမည်ရှိ မြန်မာ့လှေအကြီးစားဖြစ်ပြီး လှေထိုးသားမှာ အသက် ၃၁ နှစ်ရွယ် ကိုသား ဆိုသူဖြစ်ပါတယ်။
ကိုသား အပါအဝင် လှေပေါ်စီးနင်းလိုက်ပါလာသူ အမျိုးသား၊ အမျိုးသမီး အားလုံး ၂၁ ဦးလုံး နိုင်ငံကူးလက်မှတ်မရှိ၊ ထိုင်းနိုင်ငံထဲ ဝင်ရောက်မယ့် အထောက်အထားမရှိတာကြောင့် ထိုင်းအာဏာပိုင်ဘက်က လူရော လှေပါ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ဆက်လက်စစ်ဆေးချက်အရ သူတို့ဟာ မြန်မာနိုင်ငံ၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ရှိ ကျွန်းတကျွန်းပေါ်ကနေ လှေပေါ်တက်လာကြောင်း၊ ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင် လန်ဆွန်မြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ အလုပ်သွားလုပ်ဖို့ဖြစ်ပြီး ပွဲစားကို ၁ ဦးလျှင် ဘတ် ၁၈၀၀၀ စီပေးခဲ့ရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် လုံခြုံရေးပြဿနာ၊ အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေး ခက်ခဲမှုတွေကြောင့် ပြည်သူတွေဟာ အိမ်နီးနားချင်းနိုင်ငံမှာ ဝင်ရောက်လုပ်ကိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားစဉ် အခုလို အဖမ်းခံရတာလည်း နေ့စဉ်လို ရှိနေတာပါ။