DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းရွှေဈေးကွက်ကို စစ်ကောင်စီက ဖိအားပေး ဝင်ရောက်စွက်ဖက် စောင့်ကြည့်နေ
DVB
·
February 13, 2023
ပြည်တွင်းရွှေဈေးကွက်ကို စစ်ကောင်စီက ဖိအားပေး ဝင်ရောက်စွက်ဖက် စောင့်ကြည့်နေ
Donate to DVB

ရန်ကုန် ရွှေရောင်းဝယ်ရေးဈေးကွက်မှာ စစ်ကောင်စီက ဖိအားပေးဝင်ရောက်စွက်မှုတွေနဲ့  စောင့်ကြည့်မှုတွေရှိနေတာကြောင့် အရောင်းအဝယ်လုပ်တဲ့သူ မရှိသလောက် ဖြစ်နေပြီလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရန်ကုန်ရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေး အတက်အကျနဲ့အတူ ပြည်တွင်း နိုင်ငံခြားငွေလဲနှုန်းတို့အပေါ်မှာ မူတည်ပြီး လိုက်ပါ ပြောင်းလဲမှုတွေ ရှိနေတာပါ။

ဒါကြောင့်ပဲ ဖော်ဖော်ဝါရီ ၁ ရက်က ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို အမေရိကန်ဒေါ်လာ ၁၉၂၆ ဒေါ်လာ ရှိခဲ့ပေမဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ ၁၉၅၁ ဒေါ်လာထိ ရုတ်ချည်းမြှင့်တက်သွားခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်မှာတော့ ၁၉၁၆ ဒေါ်လာအထိ ပြန်ဆင်းသွားပါတယ်။ 

ကမ္ဘာ့ရွှေဈေးပြောင်းလဲမှုကြောင့် ပြည်တွင်းအကယ်ဒမီ(မီးလင်း)ရွှေဈေးကလည်း ဖေဖော်ဝါရီ ၁ ရက်နေ့က တကျပ်သားကို ၂,၂၆၉,၀၀၀ ကျပ် ရှိခဲ့ပေမဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ ၂,၂၉၈,၅၀၀ ကျပ်အထိမြှင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်နေ့မှာတော့ ၂,၂၅၇,၃၀၀ ကျပ်အထိ ပြန်ဆင်းသွားပါတယ်။ ဒီဈေးနှုန်းတွေဟာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးနှုန်းပါ။

ဒါပေမဲ့ အပြင်မှာ အရောင်းအဝယ်ရှိခဲ့တဲ့ ဈေးနှုန်းတွေက ဖေဖော်ဝါရီ ၁ ရက်က ၂,၈၅၅,၀၀၀ ကျပ် ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ၂,၈၈၅,၀၀၀ ကျပ်အထိ မြှင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၃ ရက်နေ့မှာတော့ ၂.၈၆၃,၀၀၀ ကျပ်အထိ ပြန်ဆင်း သွားပါတယ်။

ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းကတော့ အမေရိကန် ၁ ဒေါ်လာကို ဗဟိုဘဏ်ရည်ညွှန်းနှုန်းက ၂၁၀၀ ကျပ် သတ်မှတ်ထားပေမဲ့ အပြင်မှာ အရောင်းအဝယ်ရှိနေတဲ့ဈေးနှုန်းက ၂၈၅၀ ကျပ်ရှိပါတယ်။

ရွှေဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲနှုန်းက ဈေးကွက်ပေါက်ဈေးနဲ့အညီ အတက်အကျ ရှိနေတာကို စစ်ကောင်စီက ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဖိအားပေး ဝင်ရောက်စွက်ဖက်လာတဲ့အပြင် စောင့်ကြည့်မှုတွေပါ ရှိလာတာကြောင့် အရောင်းအဝယ်လုပ်တဲ့သူ မရှိသလောက် ဖြစ်နေပြီလို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ရွှေလုပ်ငန်းရှင်တဦးက “ဈေးကွက်သဘောအရ ဈေး အတက်အကျ ရှိမယ်။ ဝယ်လိုအား ရောင်းလိုအားကလည်း သူ့ဘာသာ လိုက်နိုင်တဲ့သူက လိုက်လိမ့်မယ်။ မလိုက်နိုင်တဲ့သူက နေခဲ့မှာပေါ့။ အဲ့ဒါကို အတင်းအကျပ် လိုက်လုပ်လို့ မရဘူးလေ။ အတင်းအကျပ် လိုက်လုပ်တော့ ဘာဖြစ်ကုန်လဲ မမြင်ကွယ်ရာမှာ သွားလုပ်ကြတာပေါ့။ မမြင်ကွယ်ရာမှာ လုပ်ကြတော့ တခါ အခြေအနေတွေက ပိုရှုပ်ကုန်လာတယ်လေ။ ဒါကြောင့် အခု လောလောဆယ်အခြေအနေက အာလုံး ရှော့ခ် ရှိတယ်။ အလုပ်လည်း ဘာမျှ မဖြစ် တော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဖေဖော်ဝါရီ ၁၃ ရက် ဒီညနေခင်း ၃ နာရီလောက်က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ပြည်တွင်းအကယ်ဒမီ(မီးလင်း)ရွှေဈေး တကျပ်သား ရည်ညွှန်းဈေးဟာ ၂,၁၉၆,၀၀၀ ကျပ် ရှိပါတယ်။

ကမ္ဘာ့ရွှေဈေးကတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၁၈၆၄ ဒေါ်လာ ရှိတာကြောင့် ဒီကနေ့ ပြင်ပဈေးကွက်မှာ ပေါက်တဲ့ နိုင်ငံခြားငွေလဲနှုန်း အမေရိကန် ၁ ဒေါ်လာ ၂၈၅၀ ကျပ်နှုန်းနဲ့ တွက်ရင် ပြည်တွင်းအကယ်ဒမီ(မီးလင်း)ရွှေဈေးဟာ တကျပ်သားကို  ၂,၈၃၃,၀၀၀ ကျပ်စွန်းစွန်း ရှိတာပါ။

ဒါကြောင့် ရန်ကုန်တိုင်းရွှေအသင်းက ထုတ်ပြန်ပေးနေတဲ့ ရည်ညွှန်း ရွှေဈေးနှုန်း နဲ့ယှဉ်ရင် တကျပ်သားကို ၆၃၀,၀၀၀ ကျော် ဈေးကွာနေပါတယ်။ ဒီကနေ့ အပြင်မှာ ကြားရတဲ့ ရွှေဈေးနှုန်းက အကယ်ဒမီ(မီးလင်း) တကျပ်သားကို ၂,၈၆၅,၀၀၀ ကျပ်ရှိပါတယ်။

စစ်ကောင်စီက ပြည်တွင်းရွှေဈေးကွက်အပေါ်မှာ စောင့်ကြည့်မှုတွေ ရှိနေတဲ့အပြင် ပြည်တွင်းနိုင်ငံခြားငွေကြေးဈေးကွက် အပေါ်မှာလည်း ငွေလဲနှုန်းကို ဆွဲတင်ဖို့အတွက် ကောလာဟလသတင်းလွှင့်နေသူတွေကို ဖော်ထုတ်အရေးယူမယ်လို့ ဗဟိုဘဏ်က သတိပေးထားပါတယ်။

ဗဟိုဘဏ်ရဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်လာတဲ့ သတိပေးချက်မှာ ကောလာဟလ သတင်းတွေကြောင့် ပို့ကုန်လုပ်ငန်းရှင်နဲ့ သွင်းကုန်လုပ်ငန်းရှင်တွေ အပါအဝင် ဘဏ်တွေကလည်း နိုင်ငံခြား ငွေလဲလှယ်နှုန်း မြင့်တက်စေရန် ဆောင်ရွက်နေတာကို သံသယဖြစ်ဖွယ် တွေ့ရှိရတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ဘဏ်တွေအနေနဲ့ ဒီလိုမလုပ်ကြဖို့နဲ့ ဝင်ရောက်ထိန်းကျောင်းပေးဖို့ တာဝန်ရှိပြီး တကယ်လို့ ဝင်ရောက်ထိန်းကျောင်းမှု မရှိတဲ့ ဘဏ်တွေကို အရေးယူမယ့်အပြင် သံသယဖြစ်ဖွယ် ဆောင်ရွက်နေတဲ့ ပို့ကုန်လုပ်ငန်းရှင်၊ သွင်းကုန်လုပ်ငန်းရှင်တွေကိုလည်း ဖော်ထုတ်အရေး ယူသွားမယ်လို့ သတိပေးထားပါတယ်။

နိုင်ငံခြားငွေကြေးရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရရှိထားတဲ့ Money Changer လုပ်ငန်းရှင်တဦးက “ကျနော်တို့ဆီမှာ ဒေါ်လာ အရောင်းအဝယ် မရှိဘူး။ ဘာလို့လဲဆို ဗဟိုဘဏ် သတ်မှတ်ထားတဲ့ ရည်ညွန်းနှုန်းနဲ့ လာရောင်းတဲ့ သူက မရှိဘူးလေ။ အဲ့တော့ ကျနော်တို့လည်း လာဝယ်တဲ့သူကို ရောင်းစရာ ဒေါ်လာ မရှိလို့ မရောင်းပေးနိုင်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

UAB Bank က ဖေဖော်ဝါရီ ၁၃ ရက်အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ အမေရိကန် ၁ ဒေါ်လာ ၂၁၀၀ ကျပ် ဆိုပေမဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ လုပ်ခလစာ ငွေလဲနှုန်းအတွက်ကိုတော့ အမေရိကန် ၁ ဒေါ်လာ ကို ၂၈၇၀ ကျပ် နှုန်းသတ်မှတ်ပေးထားပြီး စင်္ကာပူ ၁ ဒေါ်လာ ဝယ်ဈေး၊ရောင်းဈေးက ၁၅၈၁ နဲ့ ၁၅၈၆ ကျပ်၊ ထိုင်း ၁ ဘတ် ဝယ်ဈေး၊ရောင်းဈေးက ၆၁ နဲ့ ၆၂ ကျပ် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013