
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင်၊ တပ်မဟာ-၃ ဆောထိမြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအတွင်းကို ဖေဖော်ဝါရီ ၁၁ ရက် မနက် ၅ နာရီလောက်က စစ်ကောင်စီရဲ့ ခမရ-၂၀ တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ညောင်ပင်ကြီးကျေးရွာတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၃ ဦး ထိမှန်ဒဏ်ရာတွေ ရရှိခဲ့သလို ပြည်သူပိုင် စပါးကျီ ၁ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ညားဇူလိုင် (၄၀ နှစ်) လည်ပင်းထိမှန်ဒဏ်ရာ၊ သမီးဖြစ်သူ မဖြူစိုးအေး (၂၀ နှစ်) နံထိမှန်ဒဏ်ရာ၊ မသန်းသန်း (၃၆ နှစ်) ခြေသလုံးနဲ့ ဒူးခေါင်း ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ထိမှန်ဒဏ်ရာရရှိသူတွေကို ညောင်လေးပင်ဆေးရုံကြီး ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေသူထဲက မသန်းသန်းရဲ့ ရရှိထားတဲ့ဒဏ်ရာတွေဟာ စိုးရိမ်ရတဲ့အတွက် ပဲခူးဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။