
တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းပိုင်း သက်ကယ်ကွက်ရွာနားမှာ စစ်ကား မိုင်းဆွဲခံရပြီးနောက် တိုက်ပွဲဖြစ်လို့ စစ်တပ်က ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းမှာ လမ်းပိုင်းကို ယာယီပိတ်ချလိုက်တာကြောင့် ထားဝယ်နဲ့ရေးကို သွားတဲ့ ကားတွေ ရာချီ ပိတ်မိကာ စောင့်ဆိုင်း ခဲ့ရတယ်လို့ ခရီးသည်တွေဆီက သိရပါတယ်။
ကလိန်အောင်မြို့ခံတဦးက “မနေ့ နေ့လယ်ပိုင်းတုန်းက ကလိန်အောင်ဘက်နေ ရေဖြူဘက်ကို စစ်ကောင်စီ ယာဉ်တန်းတခု ဆင်းသွားတယ်။ အဲဒီယာဉ်တန်း မိုင်းဆွဲခံရတယ်ကြားတယ်” လို့ ဆိုပါတယ်။
ကားလမ်းပိတ်ဆို့တာကြောင့် အဲဒီလမ်းက ပြန်လှည့်ပြီး ထားဝယ်မြို့မှာ ပြန်အိပ်တဲ့သူတွေရှိသလို လမ်းမှာပဲ စောင့်ဆိုင်းပြီး ညအိပ်စောင့်ခဲ့သူတွေ ရှိတယ်လို့ဆိုပေမဲ့ အခုမနက်မှာတော့ ပြန်သွားလာလို့ ရနေပြီလို့ ရေး-ထားဝယ် ယာဉ်လိုင်းတခုရဲ့ ဂိတ်မှူးက ပြောပါတယ်။
မနေ့ညက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲရဲ့ ဖြစ်စဉ်အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ရေဖြူမြို့နယ်ထဲက ရေး-ထားဝယ်ကားလမ်းပိုင်းဟာ စစ်ကောင်စီ တပ်ရင်းတွေ ရှိပြီး စစ်ယာဉ်တန်းတွေကို ဒေသခံကာကွယ်ရေးတပ်က မကြာခဏ မိုင်းဆွဲတိုက်ခိုက်နေတဲ့ လမ်းပိုင်း လည်း ဖြစ်ပါတယ်။