Home
မြန်မာသတင်း
ရန်ကြီးအောင်မန်းခရီးသည်တင် ယာဉ်မောင်းနှင့် ယာဉ်အကူတို့ ဖမ်းဆီးခံရ
DVB
·
February 13, 2023
330825567_927937574998986_5957550581275647819_n

စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်က ဧရာဝတီတံတား (ရတနာပုံ) စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ရန်ကြီးအောင်မန်း ခရီးသည်တင်ယာဉ်ရဲ့ ယာဉ်မောင်းနဲ့ ယာဉ်အကူတို့ကို  စစ်ကောင်စီဘက်က ဖေဖော်ဝါရီ ၁၀ ရက်၊ ညနေ ၄ နာရီခွဲလောက်က ဖမ်းသွားတာမှာ ဒီနေ့အထိ အဆက်အသွယ် မရသေးဘူးလို့ သူနဲ့ နီးစပ်သူကပါတယ်။ 

ရန်ကြီးအောင်မန်း ယာဉ်လိုင်းဟာ ရွှေဘို၊ မန္တလေး၊ မုံရွာ၊ ဇီးကုန်း တို့ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းဖြစ်ပြီး အဲ့ဒီနေ့က မန္တလေးမြို့ကနေ မုံရွာအထိ သွားမယ့် အဆိုပါယာဉ်ပေါ်မှာ ပြောက်ကျားအင်္ကျီ ၅၆ ထည်၊ ဘောင်းဘီ ၅၅ ထည်၊ PSF တံဆိပ်ပါအင်္ကျီ အနက်ရောင် ၈၈ ထည်တွေ့ရှိလို့ ယာဉ်မောင်းဖြစ်သူ ကိုဝေဖြိုးအောင်နဲ့ ယာဉ်အကူ ကိုထွန်းထွန်းလွင်တို့ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံထားရတာပါ။ 

အဆိုပါ ယာဉ်လိုင်းနဲ့ နီးစပ်သူ တဦးက" နှစ်ဦး အဖမ်းခံထားတယ်။ ယာဉ်ပေါ်ပါ ကုန်ပစ္စည်းမှာ အထည်တွေ မိလို့ လို့ပြောတယ်။ ရတနာပုံဂိတ်မှာ အဖမ်းခံရတာ။ အခုထိတော့ သူတို့နဲ့ ဘာအဆက်အသွယ်မှ မရသေးဘူး။ ဒါတွေကို လမ်းက တင်တာလား၊ အခြားကုန်တွေထဲ ညှပ်ပြီး ပို့လိုက်တာလား မသိသေးပါဘူး။ စုံစမ်းနေတုန်းပါပဲ" လို့ ပြောပါတယ်။

ဧရာဝတီတံတား (ရတနာပုံ)စစ်ကောင်စီဂိတ်မှာ ၂၀၂၂ ဩဂုတ် ၁၇ ရက်က ရန်ကုန်- မုံရွာ ခရီးသည်တင်ယာဉ်ကို စစ်ဆေးရင်း ပစ်ခတ်မှုဖြစ်ပေါ်ခဲ့လို့ ခရီးသည် ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024