
တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် တိုရွာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်းမှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက တိုရွာမှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့နေအိမ်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကတည်းက ဆက်တိုက်မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
မြိတ်ခရိုင်တပ်ရင်း ၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်ကောင်စီဘက်ကမီးရှို့တာဟာ ပြည်သူတွေကို ကြောက်စိတ်ဝင်လာအောင်လုပ်တာပါ။ နောက်တချက်က ပြည်သူတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား လုံးဝဆက်ဆံမှု မရှိအောင် ချိန်းခြောက်တဲ့ သဘောမျိုးနဲ့ လုပ်နေတာပါ” လို့ ပြောပါတယ်။
တိုရွာမှာရှိတဲ့ ဒေသခံတွေဟာ ယခင်ကတည်းက နီးစပ်ရာတောတောင်တွေနဲ့ ကျေးရွာ တချို့ဆီ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံတွေရဲ့ နေအိမ်အလုံး ၅၀ နီးပါးလောက် စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေက ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
မီးရှို့ခံရတဲ့ ဒေသခံပြည်သူတွေရဲ့နေအိမ်တွေရဲ့ စာရင်းအတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မြိတ်ခရိုင်တပ်ရင်း ၁ က ဒေသခံတွေကို ပုလောမြို့နယ်အတွင်း တိုက်ပွဲတွေ စိပ်လာတဲ့အတွက် စစ်ရေးသတင်း နားစွင့်ထားဖို့ သတိပေး ထုတ်ပြန်ထားတာတွေလည်း ရှိပါသေးတယ်။