Home
မြန်မာသတင်း
ကျိုက်ထိုတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်
DVB
·
February 11, 2023
330657984_725096772337747_5106586167337116232_n

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ ရန်ကုန် - မော်လမြိုင်ကားလမ်းမပေါ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်က နယ်မြေလုံခြုံရေးအရ စစ်ကြောင်းလှည့်စဉ် ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

နာရီဝက်နီးပါးအကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး KNLA ပူးပေါင်းတပ်ဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲပြီးနောက် အင်္ဂဘိုကျေးရွာအနီးမှာကို စစ်ကောင်စီတပ်က စစ်ကူတွေ ထပ်မံ ရောက်ရှိလာသလို ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီအမြောက်တပ်ကနေလည်း လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတာပါ။

နှစ်ဖက်တိုက်ပွဲကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း ၁ နာရီကျော်ကြာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပေမယ့် နေ့လယ် ၁၂ နာရီလောက်မှာ ပုံမှန်အတိုင်း ပြန်လည် သွားလာနေကြပြီလို့ ဒေသခံတွေက ဆိုကြပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညပိုင်းကလည်း KNU တပ်မဟာ(၁) သထုံခရိုင်၊ ဘီးလင်းမြို့နယ် မင်းစောကျေးရွာထဲကို လက်နက်ကြီး ၉ လုံးထက်မနည်း ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။

KNU တပ်မဟာ(၁) နယ်မြေမှာ အခုဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၉ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024