DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီအကြမ်းဖက်မှုများအတွက် နှုတ်ဆိတ်မနေရန် အမေရိကန်ရှိ အိန္ဒိယသံရုံးရှေ့ ဆန္ဒပြ
DVB
·
February 11, 2023
စစ်ကောင်စီအကြမ်းဖက်မှုများအတွက် နှုတ်ဆိတ်မနေရန် အမေရိကန်ရှိ အိန္ဒိယသံရုံးရှေ့ ဆန္ဒပြ
Donate to DVB

ချင်းပြည်နယ်မှာ စစ်ကောင်စီက အကြမ်းဖက်နေတာနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရက နှုတ်ဆိတ်မနေဘဲ ပြည်သူတွေဘက်က ရပ်တည်ပေးဖို့ အမေရိကန်နိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးရှေ့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ထန်တလန်မြို့အနီးက ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီက ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ 

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီလေယာဉ်တွေဟာ အိန္ဒိယလေပိုင်နက်ထဲကို ဝင်ရောက်ခဲ့တယ်လို့ ဝေဖန်မှုတွေရှိခဲ့ပေမဲ့ အိန္ဒိယအစိုးရဘက်က မြင်သာတဲ့ အရေးယူပြောဆိုဆောင်ရွက်မှုတွေ မရှိခဲ့တဲ့နောက် အခုအချိန်အထိ စစ်ကောင်စီက ချင်းပြည်နယ်ထဲမှာ အကြမ်းဖက်မှုတွေ ဆက်တိုက် ကျူးလွန်နေပါတယ်။ 

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်းက အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ အိန္ဒိယသံရုံးရှေ့မှာ အိန္ဒိယအစိုးရက နှုတ်ဆိတ်နေတာကို ရပ်တန့်ပြီး စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ် မပြုဖို့နဲ့ ပြည်သူတွေဘက်က ရပ်တည်ပေးဖို့  မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

အတာ (Anti Dictatorship in Burma - DC Metro Area) က "စစ်တပ်ကနေပြီးတော့ ကိုယ့်နိုင်ငံမှာရှိတဲ့ ကိုယ့်လူမျိုးက လက်မခံဘူးဆိုတာကို အတင်းအဓမ္မ သူတို့တွေက ဗုံးကြဲပြီးတော့ သတ်ဖြတ်နေတာကို ရပ်တန်းကရပ်ဖို့။ ၂ အချက်က ဘာကြောင့်လဲဆို‌တော့ တိုင်းပြည်တပြည်မှာ ပြည်သူလူထုကထောက်ခံတဲ့အစိုးရကသာ အုပ်ချုပ်ပိုင်ခွင့်ရှိတယ်။ အဲ့ဒါကို မတရားအာဏာသိမ်းထားပြီးတော့မှ မတရားသတ်ဖြတ်နေတာ၊ ဒါဟာ သူတို့ကိုယ်သူတို့ပြောနေတဲ့ အစိုးရမဟုတ်ဘူးဆိုတာ သိစေချင်တာ" လို့ ပြောပါတယ်။

စစ်ကောင်စီက ဇန်နဝါရီ ၂၁ ရက်ကနေ ၂၃ရက်နေ့အထိ ၃ ရက်ဆက်တိုက် ချင်းပြည်နယ်၊ မင်းတပ်မြို့က စစ်ဘေးရှောင်တွေ စုဝေးတဲ့နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ 

လက်ရှိအချိန်မှာလည်း မင်းတပ်မြို့ပေါ်က နေအိမ်တချို့ကို စစ်ကောင်စီက မီးရှို့ခြိမ်းခြောက်တာတွေ ဆက်လက်ပြုလုပ်နေပါတယ်။ 

ဖေဖော်ဝါရီ ၈ ရက်နေ့ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ထန်တလန် CDF တို့ ထန်တလန်မြို့ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက်မှာ စစ်ကောင်စီက တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ ထန်တလန်မြို့အနီးက ကျေးရွာတွေကို လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ 

တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်ခန့်မှန်းလူဦးရေ ၅ သိန်းကျော်ထဲက ပြည်သူ ၁ သိန်းကျော်ဟာ အိုးမဲ့အိမ်မဲ့ဘဝနဲ့ စစ်ဘေးရှောင်နေရတယ်လို့ အရပ်ဘက်အဖွဲ့တွေက ထုတ်ပြန်ပါတယ်။

စံမန်း (Anti Dictatorship in Burma - DC Metro Area) က "အိန္ဒိယလေပိုင်နက်ကို အသုံးပြုခွင့်ပေးပြီးတော့မှ ဒုက္ခသည်စခန်းတွေပေါ်မှာ ဗုံးကြဲခွင့်ပေးတာတွေ။ ပြည်သူ့တော်လှန်ရေး သူရဲကောင်းတွေရဲ့ စားနပ်ရိက္ခာတွေ လွယ်လင့်တကူမရရှိအောင် တားဆီးဖြတ်တောက်နေတာတွေ၊ နောက်ပြီးတော့ ကျနော်တို့ဒုက္ခသည်တွေအတွက် နေစရာပဲပေးပြီးတော့ လူသားချင်းစာနာထောက်ထားမှု အတိုင်းအတာကို ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာနေတဲ့ အိန္ဒိယနိုင်ငံက အခုထက်ထိ မျက်ကွယ်ပြုနေတဲ့ အကြောင်းအရာတွေကို ကျနော်တို့လာပြီးတော့ ဆန္ဒပြထုတ်ဖော်တာဖြစ်ပါတယ်။"

ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ချင်းပြည်နယ် မြို့နယ် ၇ မြို့နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၈ ခုက ၃၇ မြို့နယ်ကို စစ်ကောင်စီဟာ  စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားပါတယ်။ မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ မင်းတပ်မြို့နယ်ကို ၂၀၂၁ ခုနှစ်ကတည်းက စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပလက်ဝမြို့နယ်ကလွဲပြီး ချင်းပြည်နယ်ရဲ့  မြို့နယ်၉ခုမှာ ၈ခုဟာ စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့အခြေအနေဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013