
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားရွာမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီ ၁၀ ရက် ဒီမနက် ၆ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ တိုက်ပွဲဝင်ရဲဘော်တဦးက ပြောပါတယ်။
“မနက်ကတည်းက ဖြစ်နေတာ။ တိုက်လိုက်နားလိုက်ပဲ။ နှစ်ဖက်စလုံးထိခိုက်တယ်။”
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ယောက် ဒဏ်ရာရပြီး ၂ ယောက် သေဆုံးခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးလည်း လက်နက်ကြီးကျည်စင်ပြီး ပခုံး ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။
ပုလောမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားတာ စိပ်လာလို့ လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားဖို့နဲ့ စစ်ရေးသတင်းနားစွင့်ဖို့ မြိတ်ခရိုင်တပ်ရင်း ၁ က ဒေသခံတွေကို သတိပေးထားပါတယ်။ တိုက်ပွဲ ကြောင့် လမ်းတွေပိတ်နေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။
ဒေသခံ တဦးက “ထမင်းမစားရွာမှာ တိုက်ပွဲဖြစ်လို့ ခရီးသွားကားတွေ ပုလောမှာ ပိတ်နေကြတယ်။ တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီဘက်က လေယာဉ်တွေ ပျံနေတာကို မြင်ရတယ်”လို့ ပြောပါတယ်။
စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ ပုလောမြို့နယ်ဟာ တိုက်ပွဲဖြစ်စဉ်အကြိမ် အများဆုံးဖြစ်ပွားခဲ့တဲ့မြို့နယ်ဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်မှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းမှာလည်း အောင်သာယာကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ ၂ ကြိမ် ဆက်တိုက်တိုက်ပွဲဖြစ်ခဲ့လို့ ဦးပဥ္စင်းတပါးဒဏ်ရာရပြီး ကိုရင်လေးတပါး ပျံလွန်သွားတယ်လို့ ရေး PDF တွေက ပြောပါတယ်။
မနက် ၉ နာရီမှာ တကြိမ် ညနေ ၄နာရီမှာ တကြိမ် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံးကိုတော့ အတိကျ မသိရသေးဘူးလို့ သိရပါတယ်။
ဒေသခံ တဦးက “နှစ်ဖက်တိုက်ပွဲကြောင့် ညနေ ၄ နာရီဝန်းကျင်လောက်မှာ ကနင်ကမော့ရွာ နားက ဘုန်းကြီးကျောင်းနား လက်နက်ကြီး နှစ်လုံးကျပြီး ဦးပဥ္စင်းတပါးနဲ့ ကိုရင် တပါး ထိမှန်ခဲ့တယ်။ ဦးပဥ္စင်းကြီးက အပြင်းအထန်ဒဏ်ရာရှိပြီး ကိုရင်လေးက ကျောပြင်ပေါက်ပြဲ ဒဏ်ရာ နဲ့ ပျံလွန်တော်မူသွားခဲ့ပါတယ်”လို့ ဆိုပါတယ်။
လက်နက်ကြီးကျည်ဆန်ထိမှန်ဒဏ်ရာရတဲ့ ဦးပဥ္ဇင်းကို လမိုင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး မစိုးရိမ်ရဘူးလို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ရေးမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေ ကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တဲ့အခါမှာ ယနေ့အထိ အရပ်သား ၄ယောက် သေဆုံးခဲ့ပါတယ်လို့ သိရပါတယ်။