ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ပန်လီရွာအနီး၊ မိုင်တိုင်အမှတ် ၁၄/၂၊ ၁၄/၃ အကြားရှိ ကျိုင်းတုံ-မိုင်းဆတ် ကားလမ်းမှာ ဖေဖော်ဝါရီ ၁၀ ရက်၊ မနက် ၉ နာရီခွဲလောက်က လူ ၁၂ ယောက်ပါ Revo အမျိုးအစားကားတစီး ဘရိတ်ပေါက်ပြီး အနက် ပေ ၁,၀၀၀ ခန့်ရှိတဲ့ ချောက်ထဲထိုးကျလို့ ကားပေါ်ပါ လူ ၅ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုင်းတုံအခြေစိုက် တိုင်းနေ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
သေဆုံးသူ ၅ ဦးမှာ မ ၃ ဦး၊ ကျား ၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ကျား ၃ ဦး၊ မ ၄ ဦး ရှိတယ်လို့ သိရပြီး ချောက်ထဲပြုတ်ကျသွားတဲ့ ကားအပါအဝင် ကား ၃ စီးနဲ့ မိုင်းဆတ်ကနေ ကျိုင်းတုံကို အလည်လာကြတာလို့ သိရတဲ့အပြင် ကားပေါ်ပါသူတွေကလည်း ဆွေမျိုးတွေလို့ သိရပါတယ်။
“ကျနော်တို့ သတင်းရရချင်းကို သွားရောက်ကူညီခဲ့တယ်။ စုစုပေါင်းကို ၁၂ ယောက်၊ လူနာက ၇ ယောက်၊ ဆုံးတဲ့သူက ၅ ယောက်၊ ဖြစ်တဲ့နေရာ ပွဲချင်းပြီးက ၅ ယောက်ပေါ့။ အကုန်လုံး အသက် ၅၀၊ ၆၀ ကျော်တွေချည်းပဲ။ အကုန်လုံး အမျိုးတွေ၊ မိန်းကလေးချည်းပဲက ၃ ယောက်၊ ယောကျ်ားလေးက ၂ ယောက်၊ သူတို့ မိုင်းဆတ်ကနေ မနက်စောစော ၃ နာရီလောက်က ထွက်လာတာ။ သူတို့ ကားသုံးစီးလာပြီးတော့မှ တစီးက ပြုတ်ကျသွားတာ၊ သူတို့ဆွေမျိုးတွေပေါ့။ မိုင်းဆတ်ကနေ ကျိုင်းတုံကို လာလည်ပြီးတော့မှ ချောက်ထဲကို ပြုတ်ကျသွားတာ” လို့ တိုင်းနေ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါယာဉ် ချောက်ထဲပြုတ်ကျရာနေရာကို တိုင်းနေလူမှုကူညီရေးအသင်း၊ လားဟူ နာရေးကူညီမှုအသင်း၊ ကျိုင်းတုံ အရန်မီးသတ်တပ်ဖွဲ့နဲ့ တခြားလူမှုကူညီရေးအသင်းတွေက ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြပြီး သေဆုံးသူတွေနဲ့ လူနာတွေကို ကျိုင်းတုံဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။