ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ဖေဖော်ဝါရီ ၈ ရက်က ချင်းတိုင်းရင်းသား ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ လေကြောင်းပစ်ကူနဲ့ အမြောက်ပစ်ကူယူကာ အောင်မြင်စွာထွက်ပြေးနိုင်ခဲ့ပြီး သိမ်းဆည်းခံရတဲ့ လက်နက် ၄၀ ကျော်ကလည်း ပြုပြင်ဖို့လိုအပ်တဲ့ လက်နက်ငယ်တွေဖြစ်တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၈ ရက် ညပိုင်းက CNA-CDF ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထန်တလန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက် မနက် ၁ နာရီလောက်မှာ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ လက်နက် ၄၀ ကျော်နဲ့ ရဲအလောင်း ၄ လောင်း သိမ်းဆည်းရမိခဲ့ပြီး ကျန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကစဉ့်ကလျား ထွက်ပြေးသွားခဲ့ကြတယ်လို့ ထုတ်ပြန်ထားတာပါ။
အဲဒီလို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို လက်လွှတ်လိုက်ရပေမဲ့ စစ်ကောင်စီဘက်ကတော့ ရဲတပ်ဖွဲ့ဝင်တွေက စနစ်တကျ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကာ စစ်တပ်လုံခြုံရေး တပ်စခန်းကို သွားရောက်ပူးပေါင်းနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အခုလို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီး အဆက်မပြတ် ဗုံးကြဲခဲ့ပါသေးတယ်။
အဆိုပါ မြို့နယ်ရဲစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ရေးနဲ့ မြို့လုံခြုံရေးအတွက် စစ်ကူစစ်ကြောင်းတွေ ထန်တလန်မြို့သို့ ရောက်ရှိစုဖွဲ့နေပြီး စစ်ဆင်ရေးလုပ်ဖို့ စီမံဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။