DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံက ၅ လောင်းပြိုင်လူသတ်မှု၊ မြန်မာလုပ်သား ၃ ဦးအား သံသယဖြင့် လိုက်ရှာနေ
DVB
·
February 10, 2023
ထိုင်းနိုင်ငံက ၅ လောင်းပြိုင်လူသတ်မှု၊ မြန်မာလုပ်သား ၃ ဦးအား သံသယဖြင့် လိုက်ရှာနေ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ဝမ်းကျောက်မြို့နယ် ချိန်းထောင်းကျေးရွာအုပ်စုထဲမှာ ဖေဖော်ဝါရီ ၈ ရက်နေ့က မိသားစုဝင် ၅ ဦးရဲ့အလောင်းကို တွေ့ရှိပြီးတဲ့နောက်  ပျောက်ဆုံးနေတဲ့ မြန်မာအလုပ်သမား ၃ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က သံယသနဲ့ လိုက်လံရှာဖွေနေတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ချိန်းထောင်းအုပ်စု ဆီရီရတ်ရွာက မုန့်တိုင်းရင်းသား နိုင်းချောင်း (၄၆ နှစ်) နဲ့ သူ့ဇနီး နန်းဆောင်ကျစ်ပ် (၃၆ နှစ်)၊ ၁၀ နှစ်နဲ့ ၇ နှစ်အရွယ် သား ၂ ယောက်၊ ၃ လရွယ်သမီးငယ်တို့ မိသားတစ်စုဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက တောင်ယာသွားလုပ်ပြီးနောက် အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးနေလို့  မိဘဆွေမျိုးတွေက လိုက်လံရှာဖွေရာမှာ  ဖေဖော်ဝါရီ ၈ ရက်နေ့မှာတော့ ရွာနဲ့ ၁၀ ကီလိုအကွာ၊ သူတို့ယာခင်းနဲ့ မီတာ ၃၀၀ လောက်အကွာ လျှိုထဲမှာ အလောင်း ပြန်တွေ့ခဲ့ပါတယ်။ 

တာဝန်ရှိသူတွေစစ်ဆေးတဲ့အခါမှာ အိမ်ထောင်ဦးစီးရဲ့ခေါင်းမှာ သေနတ်ဒဏ်ရာ၊ မိန်းမနဲ့ ကလေးတွေဟာ လည်ပင်းမှာ ပြတ်လုနီးပါး ဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ရက်အနည်းငယ်ကြာပြီဖြစ်ကြောင်း၊ အနီးနားမှာ ၉ မမ ကျည်ဆန်ခွံတွေ့ပြီး လူသတ်သမားဟာ နှယ်နှယ်ရရမဟုတ်ဘူးလို့ အမှတ် ၆ ခရိုင်ရဲတပ်ဖွဲ့ ရဲမှူးကြီးက ပြောပါတယ်။ 

ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး အကြောင်းရင်းအမျိုးမျိုးရှိနိုင်ကြောင်း၊ သေဆုံးသူ အိမ်ထောင်ဦးစီး နိုင်းချောင်းမှာ ဖစ်ချဘွန်းခရိုင်က မူးယစ်မှုနဲ့ ရဲကအလိုရှိနေတဲ့ ဝရမ်းပြေးတဦးဖြစ်ခြင်း၊  သူ့ရဲ့ ဇနီးဖြစ်သူမှာ အိမ်ထောင် ၃ ဆက်ရှိပြီး ပထမအိမ်ထောင်က မူးယစ်မှုနဲ့ ထောင်ကျနေ၊ ဒုတိယအိမ်ထောင်မှာ သား ၂ ယောက်ရဲ့ဖခင်နဲ့ တတိယအိမ်ထောင်မှာ အသတ်ခံရတဲ့ နိုင်းချောင်းဖြစ်ပြီး ၃ လရွယ်သမီးရဲ့ ဖခင်ဖြစ်ကာ ယခင်က အိမ်တွင်းရေးပြဿနာရှိခဲ့တယ်၊ သူတို့ယာခင်းဟာ တဖက်နိုင်ငံက လူကုန်ကူးမှုဖြတ်သန်းသွားလာလေ့ရှိတဲ့နေရာဖြစ်လို့ လျှို့ဝှက်ချက်ကိုတွေ့ပြီး နှုတ်ပိတ်ခံရတာ ဖြစ်နိုင်၊ သူတို့ယာခင်းမှာ နိုင်းကောက်အပါအဝင် မြန်မာလုပ်သားတွေ နေ့စားအလုပ်လာလုပ်ပြီး နိုင်းချောင်းက အလုပ်သမားတွေပေါ် မောက်မာ စွာဆက်ဆံကြောင်း၊ လုပ်အားခပေးဖို့လည်း ကျန်နေသလို ပြီးခဲ့တဲ့နှစ်ကူးကာလ အလုပ်သ မားတွေက အိမ်ပြန်ဖို့ အထုတ်အပိုးပြင်ထားတာကို အလုပ်ရှင်က ပေးမပြန်ဖို့ အခြေအတင်စကားများခဲ့တာရှိတယ်လို့ သက်ဆိုင်ရာဆွေမျိုးနဲ့ ရွာသားတွေက ပြောပါတယ်။ 

သေဆုံးသူတွေရဲ့ ကား နဲ့ တန်ဖိုးရှိတာတွေ ဘာမှမပျောက်ဆုံးတာကြောင့် ဓားပြ မှုမဖြစ်နိုင်ကြောင်း၊ လူသတ်သမားဟာ သေဆုံးသူမိသားစု အသိအကျွမ်းထဲက ဖြစ်နိုင်ပြီး အငြိုး အတေးကြောင့် သတ်တာလို့ ရဲတပ်ဖွဲ့က ယူဆပါတယ်။ 

အထက်ပါ အကြောင်းအချက် ၄ ခုထဲက အချက် ၄ ကို ပိုသံသယရှိကြောင်း၊ အကြောင်းမှာ ယာခင်းထဲက အလုပ်သမားတွေနေတဲ့နေရာမှာ မူးယစ်ဆေးသုံးထားတဲ့အရာတွေတွေ့သလို နိုင်းကောက်အပါအဝင် မြန်မာလုပ်သား ၃ ဦး ပျောက်ဆုံးနေပြီး သူတို့ဟာ အုမ့်ဖန်မြို့နယ် မယ်လမော့ကျေးရွာ မြန်မာနယ်စပ်ဘက် ထွက်သွားကြောင်း မျက်မြင်သက်သေက ထွက်ဆို ထားတယ်လို့ ဆိုပါတယ်။ 

ဒီအမှုဟာ မခက်ခဲကြောင်း၊ လောလောဆယ် လူပေါင်း ၂၀ ကျော် စစ်ဆေးမေးမြန်းထားပြီး မကြာခင် ရက်ပိုင်းအတွင်း ကျူးလွန်သူကို ဖော်ထုတ်နိုင်ပါလိမ့်မယ်လို့ တာ့ခ်ခရိုင်ရဲတပ်ဖွဲ့က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013