ဘရာဇီးက ပနားမားကို ၄-၀ ဂိုးဖြင့်အနိုင်ရ၊ လူ ၂၀၀ ခန့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆန္ဒပြ

ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံ ကျင်းပမယ့် (ဂျီရာနီရာ) မှာပြုလုပ်တဲ့ ခြေစမ်းပွဲမှာ ဘရာဇီးအသင်းက ပနားမားအသင်းကို ၄-၀ ဂိုးမရှိနဲ့အနိုင်ရရှိသွားပါတယ်။ ဒီပွဲဟာ ဘရာဇီးအတွက် ကမ္ဘာ့ဖလားမတိုင်ခင် ပြုလုပ်တဲ့ ခြေစမ်းပွဲ ဖြစ်ပြီး အဓိက ကစားသမားတွေနဲ့ လူစုံထုတ် ကစားသွားပြီး ဦးဆောင်ဂိုးကို နေမာက သွင်းယူပါတယ်။ Neymar Brazilဒုတိယဂိုးကို နောက်တန်းလူ အဲဗက်စ်က အဝေးကစ်ကနေ သွင်းယူပါတယ်။ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ ဘရာဇီးက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအာပေး ကစားသွားပြီး တတိယဂိုးကို နေမာ ဆင်ပေးတဲ့အလုံးကနေ ဟော့ခ်က သွင်းယူပါတယ်။ ဇီနစ် စိန့်ပီတာစ်ဘတ်စ် တိုက်စစ်မှူး ဟော့ခ် ဖြစ်ပါတယ်။ ထိုးဖောက်ဂိုးသွင်းခွင့်တွေ ပိုရတဲ့ ဘရာဇီးအတွက် အပိတ်ဂိုးကို နေမာရဲ့ ဖန်တီးမှုကနေ ချဲလ်ဆီးကွင်းလယ်သမား ၀ီလျံစ်က သွင်းယူပါတယ်။ ဘရာဇီးဟာ ဒုတိယခြေစမ်ပွဲစဉ်အဖြစ် ဇွန် ၆ ရက်နေ့မှ ဥရောပက ဆားဘီးယားအသင်းနဲ့ ယှဉ်ပြိုင်မှာပါ။ ဇွန် ၁၂ ရက်နေ့ အုပ်စုဖွင့်ပွဲမှာတော့ ဘရာဇီးက ခရိုအေးရှားနဲ့ ဆုံရမှာ ဖြစ်ပါတယ်။ ဘရာဇီးနဲ့ ပနားမားတို့ ခြေစစ်ပွဲ ယှဉ်ပြိုင်နေစဉ်မှာပဲ ကွင်းအပြင်ဘက်မှာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဆန့်ကျင်တဲ့ ဘရာဇီး ပြည်သူ အယောက် ၂၀၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရက ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပဖို့ ပြည်သူ့ ဘဏ္ဍာငွေတွေကို အလွန်အကျွံ သုံးစွဲခဲ့တာကို မကျေနပ်လို့ ဘရာဇီး ပြည်သူတွေက ကန့်ကွက် ဆန္ဒပြခဲ့တာကြတာ ဖြစ်ပါတယ်။ ဘရာဇီး ပြည်သူတွေက ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေအတွက် ငွေကြေး သုံးစွဲဖို့ တောင်းဆိုနေကြတာပါ။ အစိုးရက ပြိုင်ပွဲကျင်းပဖို့ ဘောလုံးကွင်းတွေ တည်ဆောက်တာ အပါအ၀င် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိ သုံးစွဲထားပါတယ်။ ကမ္ဘာ့ဖလားကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်လာတာ ၁ နှစ်နီးပါး ရှိလာနေပြီး ပြိုင်ပွဲ နီးကပ်လာချိန်အထိ ဆန္ဒပြတွေ အရှိန်မြင့်လာတဲ့အတွက် ပြိုင်ပွဲကျင်းပဖို့အတွက် စိုးရိမ်စရာ အနေအထားကို ရောက်ရှိလာနေပါတယ်။ ဆန္ဒပြပွဲတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြုလုပ်တာတွေ ရှိသလို ဘောလုံးပြိုင်ပွဲကို လက်ခံ ကျင်းပမယ့် ရီယိုဒီဂျနေရိုး၊ ဆာပေါ်လိုနဲ့ ဘရာဇီးလီယာလို မြို့ကြီးတွေမှာတော့ ဆန္ဒပြပွဲ တွေဟာ အကြမ်းဖက်မှုအသွင်ကို ပြောင်းခဲ့ပြီး ရဲတွေနဲ့ ထိပ်တိုက် ရင်ဆိုင်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဘရာဇီးသမ္မတ ဒယ်မာ ရူးဆက်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေစဉ် အတွင်း ပျက်စီးအောင် နှောင့်ယှက်တဲ့ ဘယ်သူကိုမဆို သည်းခံမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။ “ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက် ကြည့်ရှုတဲ့ ပရိသတ်တွေကို ပိတ်ဆို့ ဟန့်တားတာမျိုးကို လက်ခံမှာ မဟုတ်ဘူး။ ဆန္ဒပြပွဲတွေဟာ ဥပဒေနဲ့ အညီ ပြုလုပ်ရမယ်။ ဒီလို မဟုတ်ဘဲ နှောင့်ယှက်တာ၊ ဖျက်ဆီးတာတွေ လုပ်ရင် ခွင့်ပြုမှာမဟုတ်ဘူး။” ဘရာဇီးသမ္မတဒယ်မာ ရူးဆက်ဖ်နဲ့ တာဝန်ရှိသူတွေကတော့ ဒီပြိုင်ပွဲကို အခမ်းနားဆုံးနဲ့ အကြီးကျယ်ဆုံး ပြိုင်ပွဲတခု ဖြစ်လာဖို့ အာမခံထားပေမယ့် တကယ်တမ်းမှာတော့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လောလာဆယ်မှာ ဘရာဇီးအစိုးရက ကမ္ဘာဖလားပြိုင်ပွဲ လုံခြုံရေးအတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀ ကျော် သုံးစွဲထားပြီး လုံခြုံရေးတပ်ဖွဲ စုစုပေါင်း ၁ သိန်း ၅ သောင်းကျော် အသုံးပြုဖို့ စီစဉ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up