
ရန်ကုန်မြို့က အင်းစိန်ခုံးကျော်တံတား၊ အင်းစိန်ပန်းခြံနဲ့ လှည်းတန်းက နေရာတချို့မှာ ကားလမ်းပေါ် ဈေးရောင်းနေတဲ့ ကလေးငယ်တွေနဲ့ ငွေကြေးတောင်းရမ်းအလှူခံနေတဲ့ ကလေးငယ်တွေကို ရေချမ်းစင် ကိုယ်ထူကိုယ်ထအဖွဲ့က ဖေဖော်ဝါရီ ၅ ရက်က စပြီး စာသင်ကြားပေးနေပါတယ်။
အဆိုပါ စာသင်ဝိုင်းမှာ အသက် ၂၅ နှစ်အရွယ် လူငယ်တဦးရဲ့ ရေချမ်းစင် ကိုယ်ထူကိုယ်ထ ပညာသင်ကြားရေးအဖွဲ့ကနေ မူလတန်းအဆင့် မြန်မာစာ၊ အင်္ဂလိပ်စာ အရေးအဖတ် အပြောနဲ့ သင်္ချာဘာသာရပ်တွေကို သင်ကြားပေးတဲ့အပြင် မုန့်ပါကျွေးတယ်လို့ သိရပြီး ကလေးငယ်တွေရဲ့ အလုပ်နားချိန် ညနေ ၄ နာရီကနေ ၆ နာရီအတွင်း သင်ကြားပေးနေတာပါ။
ရေချမ်းစင် ကိုယ်ထူကိုယ်ထ ပညာရေးအဖွဲ့ တည်ထောင်သူက “ကလေးလေးတွေ ကားကြိုကားကြားထဲမှာ လိုက်တောင်းနေတာ တွေ့တော့လေ တချို့ကျတော့လည်း ကျောင်းနေအရွယ် ကလေးလေးတွေ၊ အဲဒီမှာ မိဘတွေနဲ့ တိုင်ပင်ကြည့်တယ်၊ စကားပြောကြည့်တယ်။ သူတို့ဘက်ကလည်း သင်ချင်တဲ့စိတ်ရှိတယ်ပေါ့၊ အဲဒီကနေ စဖြစ်သွားတာပါ။ စာသင်ရက်ကတော့ သူတို့ အလုပ်အားတဲ့အချိန်ဖြစ်တဲ့ ညနေ ၄ နာရီကနေ ၆ နာရီအတွင်း သင်ပေးဖြစ်ပါတယ်။ စည်ပင်တွေ လိုက်ဖမ်းတဲ့ရက်တွေဆို မသင်ပေးဖြစ်ပါဘူး။ အဓိကတော့ စားပွဲဝိုင်းတခုပဲ ယူလာခဲ့လိုက်တယ်။ ပြီးကျမှ ဘာဆက်သင်ရမလဲ တွေးတာ။ ပထမဆုံး သင်တဲ့ရက်မှာ အခင်းမရှိဘူး။ တချို့ကလေးတွေဆို ဖိနပ်ပါမရှိဘူး။ အောက်သမံတလင်းမှာပဲ ထိုင်ပြီးတော့ သင်ရတယ်။ စာအုပ်စာတမ်းတွေက အစ အိတ်စိုက်ပြီး ဝယ်ပေးထားရတာပေါ့” လို့ ပြောပါတယ်။
အင်းစိန်ခုံးတံတားနဲ့ မီးပွိုင့်တွေနားကနေ ဖေဖော်ဝါရီ ၇ ရက်အထိ စာသင်ကြားဖို့ စိတ်ဝင်စားလို့ လာရောက်သင်နေသူ ကလေးငယ် ၅ ဦးရှိပြီး အသက် ၄ နှစ်ကနေ ၁၃ နှစ်အတွင်း ရှိကြတယ်လို့ သိရပါတယ်။
“စသင်တဲ့နေ့ကဆို ကလေးတယောက်ပဲ ကကြီး ခခွေး ရေးနိုင်တယ်။ ကျန်တဲ့ကလေးတွေဆို အေဘီစီဒီကအစ အပြည့်မရေးနိုင်ကြဘူး။ ဂဏန်းသင်္ချာဆိုလည်း သေချာ မရေးတတ်ကြဘူးပေါ့။ သူတို့ကို ကကြီး ခခွေးကနေ အေဘီစီဒီအထိ အခြေခံကနေ ပြန်သင်ကြားပေးတာပေါ့။ လက်ရှိမှာပေါ့ ကျနော်နဲ့ ပူးပေါင်းမယ်ဆိုတဲ့ ဆရာ၊ ဆရာမတွေတော့ ရှိတယ်ပေါ့။ နောက်ပိုင်းဆိုရင်ပေါ့ လှည်းတန်းဆိုလည်း တံတားအောက်တွေပေါ့။ volunteer လုပ်ချင်တဲ့သူတွေကိုလည်း စာပွဲဝိုင်းတခု၊ ဝိုက်ဘုတ်တချပ်နဲ့ ပြန်ပြီးထောက်ပံ့ဖို့တော့ ရှိပါတယ်။ ကလေးမိဘတွေကတော့ ကလေးတွေ သူတို့အလုပ်ချိန်ပြီးရင် စာသင်ဖို့ အချိန်ပေးပါတယ်။ ကလေးမိဘတွေက ကြည်ကြည်ဖြူဖြူပဲ စာသင်ဖို့ ခွင့်ပေးတယ်။ ပထမက ထင်တာက ကလေးတွေ စာသင်ရမယ်ဆိုရင် ကြောက်မယ် ထင်နေတာ၊ သူတို့က တကယ်တတ်ချင်တဲ့စိတ် ရှိတယ်ပေါ့” လို့ ရေချမ်းစင်က ဆိုပါတယ်။
အဆိုပါမီးပွိုင့်မှာ အလုပ်လုပ်ရတဲ့ ကလေးငယ်တွေဟာ အလုပ်ချိန် တနေ့ကို မနက် ၈ နာရီကနေ ညနေ ၅ နာရီခွဲ၊ ၆ နာရီအထိ ရှိတယ်လို့ သိရပြီး စာသင်ပေးရတဲ့နေရာက ခုံးကျော်တံတားအောက် ဖြစ်နေတာကြောင့် လူသွားလူလာနဲ့ အဆင်မပြေဖြစ်နေနိုင်လို့ ရပ်ကွက်စာကြည့်တိုက်တွေကို ရေွှ့ပြောင်းသင်ကြားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အင်းစိန်ခုံးတံတားအပြင် အောင်ဇေယျခုံးတံတားနဲ့ ကမာရွတ် လှည်းတန်းခုံးတံတားတွေနဲ့ ရပ်ကွက်စာကြည့်တိုက်တွေမှာ စာသင်မယ့်ကလေးငယ် ရှိသလောက် ရေချမ်းစင် ၁၊ ၂၊ ၃ ဆိုပြီး ဆက်လက်သင်ကြားပေးသွားမယ်လို့ သိရပြီး ဖေဖော်ဝါရီ ၈ ရက်အထိ စာသင်ကြားဖို့ စာရင်းပေးထားသူ ကလေးငယ် ၁၀ ဦးနဲ့ ပါဝင်သင်ကြားပေးမယ့် ဆရာ ဆရာမ ၃ ဦးခန့် ရှိနေပြီလို့ သိရပါတယ်။
ဓာတ်ပုံ ( ရေချမ်းစင် )