Home
မြန်မာသတင်း
စစ်တပ်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၉၈၀ ကျော်ထိ မြင့်တက်
DVB
·
February 10, 2023
473108-Htee-Gyiant-730x365

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၉၈၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၇၁၀ ယောက်ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြ ပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၈၇၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂,၃၉၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၁ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၃ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၈၁၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ယင်းမကျင်းကျေးရွာမှာ နေထိုင်တဲ့ ဦးပေါဌေးကို ကြွယ်ပုံကျေးရွာက အကြမ်းဖက်စစ်အုပ်စု လက်ပါးစေ ပျူစောထီးအဖွဲ့က စစ်ဆေးမေးမြန်းဖို့ ရှိတယ် ဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဦးပေါဌေးရဲ့ ရုပ်အလောင်းကိုတော့ ကြွယ်ပုံကျေးရွာအနီးက သရက်ခြံထဲမှာ ဖေဖော်ဝါရီ ၇ ရက်မှာ ပြန်လည တွေ့ရှိခဲ့ရတယ်လို့ အေအေပီပီက ပြော ပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်မနက်ပိုင်းကလည်း အဆိုပါပျူစောထီးအဖွဲ့က ကြွယ်ပုံကျေးရွာအနီးက သရက်ခြံထဲမှာ အလုပ်လုပ်နေတဲ စံသစ်ကျေးရွာသား ဦးဝင်းအောင်ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ ကာ သူ့ရဲ့ ရုပ်အလောင်းကို အဆိုပါသရက်ခြံအတွင်း ဖေဖော်ဝါရီ ၇ ရက်မှ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024