Home
မြန်မာသတင်း
ကနီမြို့နယ်က ရွာ ၂ ရွာမီးရှို့ခံရ၊ စစ်တပ်ပစ်ခတ်မှုကြောင့် ရေဦးနှင့်အင်းတော်ပြည်သူ ၃ ဦးသေဆုံး
lusane
·
February 9, 2023

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းပေါ်မှာတည်ရှိတဲ့ သပြေတောကျေးရွာနဲ့ အုန်ပင်ဆိပ်ကျေးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၉ ရက် မနက် ၉ နာရီကျော်လောက်က မီးရှို့ခဲ့တယ်လို့ ကနီအေသခံတွေက ပြောပါတယ်။

“သပြေတောရွာနားမှာက စစ်ကောင်စီ ဖလပ်မော်တော်ရှိတယ်ဗျ။ အဲဖလပ်မော်တော်ပေါ်က စခ၊ ရခတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်လို့ ဖလပ်မော်တော်ကြီးပစ်ပြီး စစ် (-) တွေ အလုံနမခဘက်ထွက်ပြေးသွားတယ်။ အဲဒါကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဖလပ်ရလိုက်ပြီး ပါလာတဲ့ပစ္စည်းတွေ သိမ်းဆည်းလိုက်ကြတယ်။ အဲဒါကို မကျေနပ်လို့ ကျနော်တို့အနီးအနားက ကျေးရွာတွေကို မီးရှို့တာဖြစ်မယ်။ ရွာကိုတော့ မီးမရှို့သင့်ပါဘူး။ လုပ်တာက တဦး၊ ခံရတာ တဦးဖြစ်နေတယ်။ ကျနော်တို့ သပြေတောရွာကို မနက်ခင်း ၉ နာရီခွဲကျော်က စရှို့တယ်။ ညနေ ၄ နာရီခွဲကြတော့ အုန်းပင်ဆိပ်ကျေးရွာကို မီးရှို့တယ်။ အခုထိလောင်နေတုန်းဗျ။ ရွာထဲမှာတော့ အရင်မြစ်ကြောင်း အတိုင်း စစ်မော်တော်ဖလပ်တွေ ဆန်တက်ကတည်းက ရွာသားတွေ အကုန်ရွာပစ်ပြေးနေရတယ်။ ရွာထဲမနေရတာ ၂ လနီးပါးအထိ ရှိနေလောက်ပြီ" လို့ သပြေတောရွာသားတဦးက ပြောပါတယ်။

သပြေတောရွာဟာ အိမ်ခြေ ၁၅၀ ကျော်နဲ့ အုန်းပင်ဆိပ်ရွာက အိမ်ခြေ ၂၀၀ အထက်မှာရှိပြီး စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်းကနေ မထွက်သေးတာကြောင့် မီးလောင်ဆုံးရှုံးတဲ့ အိမ်ခြေအရေအတွက် အတိအကျကို မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ယင်မာပင်မြို့နယ် ကျောက်မော်ရွာကနေ အင်အား ၂၀၀ ကျော်နဲ့ ကနီမြို့နယ် နတ်လာပို့တောင်ရွာဘက်ကို ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းက စစ်ကြောင်းထိုးခဲ့ပြီးနောက် ဒီနေ့မနက် သပြေတောရွာနဲ့အုန်းပင်ဆိပ်ရွာတွေဘက် စစ်ကြောင်းထိုးပြီး မီးရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ကနေ မြောက်ဘက်ခြမ်း မုံတိုင်ပင်အုပ်စု ဇီးကန်ရွာဘက်ကို ဖေဖော်ဝါရီ ၈ ရက် ည ၈ နာရီလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ရေဦးဒေသခံတွေက ပြောပါတယ်။

“မြေပြင်မှာက ဘာတိုက်ပွဲမှမရှိဘူး။ အဲလိုတိုက်ပွဲမရှိဘဲ မနေ့က ရေဦးမြို့ ရွှေပြည်သာရပ်ကွက်ဘက်ကို ကား ၂ စီးနဲ့ထွက်လာပြီး ရေဦးမြောက်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အခုလို ကျည်ထိမှန်သေဆုံးရတာပါဗျ။ ဘာ့ကြောင့်ပစ်ခတ်တာလဲဆိုတော့ အကြောင်းမဲ့ကို ပစ်ခတ်ကြတာပါ။ သူတို့ကို PDF က လာပစ်မှာကြောက်လို့ အခုလို ပစ်ခတ်တာဗျ။ အခုလိုပစ်ခတ်တာနဲ့ ပတ်သက်လို ဒေသခံတဦးအနေနဲ့ ဘာပြောခြင်လဲဆိုတော့ လက်နက်နဲ့ အပစ်ခဲရမှာ၊ ကြောက်ရင်လည်း စစ်တပ်ထဲကထွက်လိုက်ပေါ့ဗျာ။ အခုဟာက သူတို့အပစ်ခံရမှာကြောက်တိုင်း ရမ်းသန်းပစ်တော့ ကျနော်တို့ ရွာသားတွေပဲ အခုလိုထိခိုက်ရတာဗျ။ သေဆုံးသူတွေက အသက် ၄၀ ကျော်အရွယ် မခင်ရီရယ်၊ အသက် ၃၀ ကျော်အရွယ် မငြိမ်းငြိမ်းတို့ ဖြစ်တယ်ဗျ။ နောက်ဒဏ်ရာရသူတွေကတော့ အမျိုးသား ၂ ဦးပါ။ တဦးက ဦးခေါင်းပေါက်ပြဲဒဏ်ရာနဲ့ တဦးက ဘယ်ဘက်လက် ဒဏ်ရာတွေ ရထားတယ်ဗျ။ အသက်အန္တရယ်ကတော့ စိုးရိမ်ရတဲ့အနေထားပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နွား​ ၆ ကောင်နဲ့ ပြည်သူပိုင်နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ရေဦးမြို့အတွင်းကနေ နေစဉ်လိုလို ကျေးရွာတွေဘက် လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံအများစုဟာ စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက်ညကလည်း  စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာက အမျိုးသားတဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲဇာကျေးရွာကနေ အလယ်ဆိပ်ကျေးရွာကို ပြန်လာတဲ့ အမျိုးသားတဦးကို မဲဇာရဲစခန်းအရှေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်လိုက်တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ည ၁၀ နာရီလောက်က ပစ်ခံရတာ။ မဲဇာကနေ အလယ်ဆိပ်ကျေးရွာကို ဆိုင်ကယ်နဲ့ ပြန်တာ။ မဲဇာရဲစခန်းရှေ့က ဖြတ်ချိန် အထဲကနေ လှမ်းပစ်တာ။ အထဲမှာက ရဲကော စစ်တပ်ကော ရှိတယ်။ ဘယ်သူက ပစ်လိုက်လဲတော့ မသိဘူး။”

မဲဇာရဲစခန်းရှေ့က ဖြတ်ပြီး အလယ်ဆိပ်ကျေးရွာကို ပြန်လာစဉ် စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့သူဟာ အလယ်ဆိပ်ကျေးရွာမှာနေထိုင်တဲ့ ကိုစိုးနိုင် ဆိုသူ ဖြစ်ပါတယ်။

အင်းတော်မြို့မှာ ဖေဖော်ဝါရီ ၂ ရက်က စတင်ပြီး ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း အင်းတော်ရဲစခန်းအရှေ့က ဆိုင်ကယ်မောင်းနှင်လာတဲ့ အသက် ၆၀ အရွယ် အမျိုးသားတဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024