
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပိုဝကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၉ ရက် ဒီမနက် ၇ နာရီလောက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီစစ်ကြောင်း ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
အဆိုပါ စစ်ေကာင်စီစစ်ကြောင်းဟာ မတ္တရာမြို့ ပိတောက်ပင်တံတားကနေ ဖြတ်လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးခရိုင်တပ်ရင်း-၃ တာဝန်ရှိသူက “သူတို့လာပြီဆိုတာနဲ့ ဒေသခံတွေကတော့ ထုံးစံအတိုင်း ထွက်ပြေးကြတာပဲ။ သူတို့လာတာကို သိလို့ ကျနော်တို့ဘက်က ကြိုတင် ကင်းပုန်းဝပ်စောင့်ပြီး လက်ဦးမှုရယူ ပစ်ခတ်တာတွေ လုပ်နိုင်ခဲ့တယ်။ (--)အသေကတော့ အတိအကျ မသိရဘူး။ ခန့်မှန်းခြေ (--) ၁၀ ထက်မနည်း ထိခိုက်ဒဏ်ရာရနိုင်တယ်ဗျ။ နောက်ပြီး သူတို့ လူသားဒိုင်းအဖြစ် ဖမ်းခေါ်လာတဲ့ ပြည်သူ ၅၀ ကိုလည်း စစ်ကောင်စီလက်ထဲကနေ ကယ်ထုတ်နိုင်ခဲ့တယ်။ ကျနော်တို့အဖွဲ့တွေဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ စစ်ကြောင်းထိုးလာရင်း အနီးအနားကျေးရွာက ဒေသခံပြည်သူ အများအပြားကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်လာပြီး အခုလို စစ်ကြောင်းထိုးတာတွေ ပြုလုပ်လာတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။
အခုတိုက်ပွဲကို မတ္တရာမြို့နယ် ကောင်းကင်အင်အားစုက ဦးဆောင်ပြီး၊ မိုးကြိုးမုန်တိုင်းအဖွဲ့၊ မန္တလေးခရိုင်းတပ်ရင်း-၃၊ ABRF အဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အလားတူ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ပျူစောထီးကျေးရွာဖြစ်တဲ့ ကျောက်ခဲတက်ရွာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ဖေဖော်ဝါရီ ၉ ရက် မနက်အစောပိုင်း ၃ နာရီခွဲလောက်က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
ကျောက်ခဲတက်ကျေးရွာက ပျူစောထီးတွေဟာ အနီးပတ်ဝန်းကျင်က ကျေးရွာတွေဆီက ပြည်သူတွေအပေါ် အနိုင်ကျင့်၊ ငွေတောင်းယူပြီး ငွေကြေးမပေးနိုင်ရင် အိမ်မွေးတိရစ္ဆာန်တွေကို ယူပြီး သတ်ဖြတ်စားသောက်တာတွေလည်း နေ့စဉ်ပြုလုပ်တယ်လို့ ဒေသခံက ပြောပါတယ်။
“ဒီကောင်တွေက မတရားလုပ်နေကြတာ။ ကျနော်တို့လည်း ကြည့်နေလို့ မရတော့ဘူးဆိုပြီး အခုလို တိုက်ခိုက်ခဲ့ရတာပါဗျ။ တိုက်ပွဲက မနက်ခင်း ၃ နာရီခွဲက စတင်ဖြစ်ပွားခဲ့ပြီး မနက်ခင်း ၅ နာရီခွဲမှာ ပြီးဆုံးသွားခဲ့တယ်ဗျ။ သူတို့ဘက်ကလည်း စက်လက်နတ်နဲ့ ပြန်ပစ်တာရှိတယ်။ ဒါေပမဲ့ ကျနော်တို့ဘက်က အထိအခိုက်မရှိခဲ့ဘူး။ သူတို့ဘက်ကတော့ ကျနော်တို့ပစ်တဲ့ လက်နက်ကြီးကျပြီး အိမ် ၂ လုံး ပျက်စီးတယ်လို့ ကနဦး သိထားရတယ်။ လူအထိအခိုက်ကတော့ စုံစမ်းနေဆဲပဲ” လို့ မင်းကင်း ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တဦးက ပြောပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က တခြားကျေးရွာတွေဘက်ဆီ စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်လာနိုင်တာကြောင့် ဒေသခံတွေ ကြောက်လန့်ကာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။