Home
မြန်မာသတင်း
မိဘမဲ့ကလေး ၂၃၀ ကျော် စောင့်ရှောက်‌ပေးနေသည့် တွံတေး ပရဟိတဘုန်းကြီးကျောင်း မီးလောင်
DVB
·
February 9, 2023

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ဘုရားကြီးနယ်မြေက မင်္ဂလာပရဟိတဘုန်းကြီးကျောင်းမှာ ဖေဖော်ဝါရီ ၉ ရက် ဒီမနက်  ၆ နာရီ ၃၇ မိနစ်ခန့်က ဘုန်းကြီးကျောင်းရဲ့ စတိုခန်းရှိ မီးကြိုးကနေ ရှော့ဖြစ်လို့ မီးလောင်ခဲ့တယ်လို့ တွံတေးအခြေစိုက် စိတ္တသုခလူမှုကူညီရေးအသင်းဆီက သိရပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းမှာ မိဘမဲ့ကလေး ၂၃၀ ကျော်ကို ခေါ်ယူစောင့်ရှောက် ပညာသင်ကြားပေးနေတယ်လို့ သိရပြီး ကျောင်းအဝင်းအတွင်းက နှစ်ထပ်ကျောင်းဆောင်မှာ ဝါယာကြိုးရှော့ဖြစ်လို့ မီးလောင်ကျွမ်းခဲ့ရာမှ မနက် ၆ နာရီ မိနစ် ၅၀ မှာမီးငြှိမ်းသတ်နိုင်ခဲ့တာပါ။

မင်္ဂလာပရဟိတကျောင်းတာဝန်ရှိသူတဦးက "ကျောင်းမကြီး လောင်သွားတာ၊ ထိခိုက်ဒဏ်ရာတော့မရှိဘူး။ ပစ္စည်းတော့ တော်တော်ကုန်သွားတယ်။ နှစ်ထပ်ကျောင်းဆောင်ကြီး လောင်တာပါ။ ဧည့်ခံတဲ့ အဆောင်၊ ဘုရားခန်းဘက်က အကုန်ကုန်သွားတယ်။ သုံးပုံနှစ်ပုံလောက် လောင်သွားတာ၊ ဝါယာရှော့ဖြစ်တာ၊ ဘုရားခန်းအနောက်မှာ စတိုအခန်းတစ်ခန်းရှိတယ်၊ အဲ့အခန်းထဲမှာက အဝတ်အစားတွေ၊ ဗလာစာအုပ်က ဒါဇင် ၇၀၀ လောက် ရှိတယ်။ နောက် ကျောင်းစာအုပ်တွေ၊ ထီးတွေ၊ ဖိနပ်တွေ၊ ဆန်တွေ အကုန်လုံးပေါ့၊ စတိုလောင်တော့ ဘယ်လိုမှ ထိန်းလို့ မရတော့ဘူး။ မီးကြိုးတွေက အရင်ဆရာတော်ကြီး လက်ထက်ကတည်းကဟာတွေ ကြွက်တွေကိုက်ပြီးတော့ကို ဖြစ်တာ" လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် ပစ္စည်းပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၀၀၀ ကျော်ရှိပြီး ပြန်လည်တည်ဆောက်ဖို့ အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။

ကျောင်းမှာက သံဃာတော် ၉ ပါး၊ ကိုရင် ၇ ပါး၊  ခေါ်ပြီးစောင့်ရှောက်ပေးထားတဲ့ ကျောင်းသားက ၂၃၀ ကျော်ရှိပြီး အချိန်မီ မီးငြိမ်းသွားလို့ ကျောင်းသားတွေနဲ့  စာသင်ကျောင်းဆောင်တွေကတော့ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်မှာပဲ ရန်ကုန်တိုင်း၊ လှိုင်သာယာ၊ မရမ်းကုန်း၊ မှော်ဘီတို့မှာလည်း မီးလောင်ကျွမ်းမှုကြောင့် လူ ၁ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024