DVB Logo
Home
မြန်မာသတင်း
၂ နှစ်အတွင်း ကေအန်ယူနယ်မြေ၌ တိုက်ပွဲ ၈၀၀၀ ကျော်ဖြစ်၊ စစ်ကောင်စီတပ်က အရာရှိစစ်သည် ၆၈၀၀ ကျော်သေ
DVB
·
February 9, 2023
၂ နှစ်အတွင်း ကေအန်ယူနယ်မြေ၌ တိုက်ပွဲ ၈၀၀၀ ကျော်ဖြစ်၊ စစ်ကောင်စီတပ်က အရာရှိစစ်သည် ၆၈၀၀ ကျော်သေ
Donate to DVB

စစ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေအတွင်းမှာ တိုက်ပွဲပေါင်း ၈၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၈၀၀ ကျော်သေဆုံးပြီး ၅၀၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ကြေညာပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းယူချိန်ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ၂ နှစ်တာကာအတွင်း အာဏာသိမ်း စစ်ကောင်စီက နယ်မြေစိုးမိုးနိုင်ရေး တပ်အင်အားတိုးချဲ့ စစ်လှုပ်ရှားမှုကြောင့် ကေအန်ယူလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ပါတယ်။

၂ နှစ်အတွင်း ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်းမှ တိုက်ပွဲပေါင်း ၈၀၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိစစ်သည် ၆၈၇၆ ဦး သေဆုံးကာ ၅၅၁၉ ဦး ဒဏ်ရာရရှိခဲ့တာလို့ ကေအန်ယူ ထုတ်ပြန်ချက်မှာဖော်ပြပေမဲ့ ခုလို သေဆုံးဒဏ်ရာရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

သထံခရိုင် တပ်မဟာ (၁) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း ၈၀၁ ကြိမ်၊ တောင်ငူခရိုင် တပ်မဟာ (၂) မှာ တိုက်ပွဲပါင်း ၂၇၇ ကြိမ်၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃) မှာ တိုက်ပွဲပေါင်း ၅၂၅ ကြိမ်၊  ဘိတ်−ထာဝယ်ခရိုင် တပ်မဟာ (၄) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း ၁၃၁ ကြိမ်၊ မူတြော်ခရိုင် တပ်မဟာ (၅) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း ၅၆၃၈ ကြိမ်၊ ဒူးပလာယာ တပ်မဟာ (၆) မှာ တိုက်ပွဲပေါင်း ၆၆၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားပြီး တပ်မဟာ (၇) ဘားအံခရိုင်မှာတော့ တိုက်ပွဲ ဖော်ပြထားတာ မရှိပါဘူး။

မြန်မာ့စစ်တပ် အာဏာသိမ်းယူလိုက်တဲ့ပေါ်  ပြည်သူလူထုတွေက လက်မခံတဲ့အတွက် သန်းပေါင်းများစွာသော ပြည်သူလူထုတွေက  ငြိမ်းချမ်းသောနည်းလမ်း ဆန္ဒထုတ်ဖော် ပြောဆိုခဲ့ရာမှာ ပြည်သူလူထုတွေရဲ့ သဘောဆန္ဒတွေကို လျစ်လျူရှုတဲ့အပြင် အကြမ်းဖက်တဲ့ နည်းလမ်းအသုံးပြုကာ  မတရားဖမ်းဆီးညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာ၊  ဥပဒေမဲ့ ဖမ်းဆီးထောင်ချတာတွေကို ပြုလုပ်ခဲ့ပါတယ်။

ပြည်သူလူထုတွေဟာ   မတရားအနိုင်ကျင့်စော်ကားမှုကို  မခံမရပ်နိုင်ဖြစ်ပြီး စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ချေမှုန်းဖို့ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဆီ အသီးသီးသွားရောက်ခဲ့ကြပြီး ကေအန်ယူ ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းကိုလည်း ပြည်သူလူထုအများအပြား ရောက်ရှိလာခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ကေအန်ယူဟာ နိုင်ငံရေးရပ်တည်ချက်၊ စစ်ရေးမဟာဗျူဟာတွေနဲ့ အုပ်ချုပ်ရေးလှုပ်ငန်း အခိုင်အမာရှိထားတဲ့အလျောက် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်ပြီးသည့်နောက်ပိုင်းတွင် ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း နည်းလမ်းအမျိုးမျိုးရောက်ရှိလာတဲ့  တော်လှန်လိုသူ ပြည်သူလူထုတွေကို သက်ဆိုင်ရာနယ်မြေတာဝန်ရှိသူတွေက လက်ခံပြီး စစ်အာဏာရှင်ကို  အမြစ်ပြတ်တွန်း လှန်တော်လှန်နိုင်မယ့်သူတွေကို အဆင့်ဆင့်စိစစ်ရွေးချယ်ကာ အခြေခံစစ်သဘောတရားနဲ့ အခြေခံစစ်သင်တန်းတွေကို သင်ကြားပေးခဲ့ပါတယ်။

ဒါ့အပြင် တချို့သောလူငယ်တွေကို စုရုံးပြီး သူတို့ကိုယ်တိုင် ရန်ပုံငွေရှာကာ စစ်သင်တန်း သင်ကြားပေးဖို့ တောင်းဆိုတဲ့အပေါ်  ကေအန်အယ်လ်အေနဲ့ ကေအန်ဒီအို  တာဝန်ရှိသူတွေက အခြေခံ စစ်သင်တန်းတွေသင်ကြားပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ကေအန်အယ်လ်အေနဲ့ ကေအန်ဒီအိုတို့ရဲ့ စစ်ရေးဦးဆောင်မှုကို လက်ခံတဲ့လူငယ်တွေဟာလည်း သူတို့နဲ့အတူ လက်တွဲပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ကေအန်အယ်လ်အေနဲ့ ကေအန်ဒီအိုလက်အောက်ခံ စစ်ကြောင်းတွေ၊ ဒရုန်းတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ  စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ခရိုင်−တပ်မဟာ အသီးသီးမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်တဲ့ တော်လှန် တိုက်ပွဲဝင်နေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

၂ နှစ်တာ တိုက်ပွဲတွေအတွက် တိုင်းပြည်လွတ်လပ်ရေးအတွက် ရဲရဲဝံဝံ တိုက်ပွဲဝင်ရင်း တပ်ဖွဲ့ဝင် ၂၁၉ ဦး အသက်ပေးလှူခဲ့ရပြီး ၆၀၅ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013