
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က စစ်ကောင်စီ အခြေစိုက်စခန်းတွေ ဖေဖော်ဝါရီ ၈ ရက် ည ၉ နာရီလောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေ ညပိုင်း ၉ နာရီကနေ ၁၁ နာရီအထိ ဖြစ်ပွားခဲ့တယ်လို့ ယင်းမာပင် ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ဗိုလ်ဂဠုန်ကပြောပါတယ်။
“ကျနော်တို့ ညီနောင်မဟာမိတ်အဖွဲ့ပေါင်းစုံ ပစ်ခတ်တာကို ပြုလုပ်ခဲ့ကြတာပါ။ တိုက်ပွဲကတော့ ပထမပိုင်း ကိုယ့်ဘက်က အလစ်ဝင်ပစ်တယ်။ သူတို့ကိုပစ်လို့ အပြင်ထွက်လာတဲ့ကောင်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်ဗျ။ မနေ့ညကတော့ (--) ၂ ကောင် သေတယ်။ ကျနော်တို့ဘက်ကတော့ အကျအဆုံးမရှိခဲ့ဘူး။”
စစ်ကောင်စီဘက်ကတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ နောက်ပြန်ဆုတ်သွားပေမဲ့ စခန်းအတွင်းကနေ မနက်အထိ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြပြီး ဒီနေ့ ဖေဖော်ဝါရီ ၉ ရက် မနက်က မြို့ထဲမှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အခု စစ်ကောင်စီအခြေစိုက်စခန်းတွေ တိုက်ခိုက်ခံရတဲ့ ယင်းမာပင်မြို့နယ်ဟာ စစ်ကောင်စီတပ်ရဲ့ စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။
ကလေးမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား ဇန်နဝါရီတလအတွင်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၈၀ ကျော် မီးလောင်ဆုံးရှုံးထားတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂ ရက်က ကလေးမြို့အရှေ့ဘက် ပျဉ်သာရွာအနီးမှာ တကြိမ်၊ ဇန်နဝါရီ ၃ ရက်က ကလေးနယ် မြောက်ပိုင်း လက်ပံချောင်းရွာအနီးမှာ တကြိမ်၊ ဇန်နဝါရီ ၉ ရက်က ကလေးမြို့ ဒိုးဝိုင်းချောင်းလမ်းမပေါ်မှာ တကြိမ်နဲ့ ဝယ်စလီဆေးရုံလမ်းထောင့်မှာ တကြိမ် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု စုစုပေါင်း ၄ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်သား ၁၅ ယောက်ဝန်းကျင် သေဆုံးကြောင်း ကလေး PDF က ထုတ်ပြန်ထားပြီး ကလေး PDF ပူးပေါင်းတပ်ဖွဲ့အနေနဲ့ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ဆိုပေမဲ့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
ဇန်နဝါရီ ၅ ရက်နဲ့ ၆ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ ၂ ကြိမ်တိုင် ဝင်ရောက်မီးရှို့ ဖျက်ဆီးမှုကြောင့် စက္ကန့်ကျေးရွာက ဒေသခံနေအိမ် ၇၉ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
“၁ လပိုင်းအတွင်းက မစ်ရှင်တွေ နည်းခဲ့တယ်။ သူတို့ စစ်ကြောင်းမထိုးရဲတာတွေရောကြောင့်ပါ။ တချို့ အသေးစားမစ်ရှင်တွေကို ချမပြခဲ့တာတွေလည်း ရှိပါတယ်။ ကျနော်တို့အနေနဲ့တော့ ပြည်သူကို ထိခိုက်မှု အနည်းဆုံးဖြစ်တဲ့ နည်းလမ်းနဲ့ စစ်တပ်ကို ဆက်လက်တိုက်ခိုက် တော်လှန်သွားပါမယ်” လို့ ကလေး PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။
ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၂,၀၀၀ ကျော် မီးလောင်ဆုံးရှုံးထားပြီး စစ်ကောင်စီက ကလေးနယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ တနှစ်နီးပါးရှိလာပြီဖြစ်သလို ကလေးနယ် စစ်ဘေးရှောင်တွေ အနေနဲ့လည်း စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာနေအိမ်တွေကို မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂနဲ့ လက်ပံတောင်းတောင် ပင်မသပိတ်တို့က ဦးဆောင်မှုနဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး လိုအပ်နေတဲ့ စားသုံးဆီတွေနဲ့ အနွေးစောင်တွေ ဖေဖော်ဝါရီ ၈ ရက်က သွားရောက်လှူဒါန်းခဲ့တယ်လို့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။
သွားရောက်လှူဒါန်းခဲ့တဲ့ ကျေးရွာတွေကတော့ ဘင်းကားကျေးရွာ၊ ပိုင်းထောင်ကြီးကျေးရွာ၊ ကျောက်မှော်ကျေးရွာ၊ ဆည်တည်းကျေးရွာ၊ မိုးကြိုးအလယ်ရွာနဲ့ မိုးကြိုးပြင်မြောက်ရွာ စတဲ့ ကျေးရွာတွေက မီးဘေးသင့် အိမ်ခြေစုစုပေါင်း ၇၁ အိမ်ဖြစ်ပြီး တအိမ်ထောင်ကို စားသုံးဆီ ၁ ပိဿာပုံးနဲ့ အနွေးစောင်တထည်နှုန်း ပေးအပ်ကူညီခဲ့တယ်လို့လည်း သိရပါတယ်။
မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ မချောစုဟန်က “တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ ရယ်၊ သပိတ်အင်အားစုတွေရယ်၊ ဆားလင်းကြီးမြို့နယ် တာဝန်ရှိတဲ့ ပအဖ၊ ပကဖတွေရယ် ပူးပေါင်းပြီး မြေပြင်မှာ ပြည်သူလူထုနဲ့ တသားတည်း ရှိတယ်လို့ သတင်းကောင်းပါးချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်မှာ ၂၀၂၂ ခုနစ် မေလကစပြီး ဖေဖော်ဝါရီလ ဒုတိယပတ်ထဲအထိ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မီးရှို့ခံရတဲ့ အိမ်ခြေပေါင်း ၁,၂၅၅ လုံး ရှိနေပြီဖြစ်ပြီး အခြေခံ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။