DVB Logo
Home
မြန်မာသတင်း
ထိုင်းတက္ကသိုလ်များတွင် မြန်မာကျောင်းသားများတက်ရောက်ပညာသင်မှု ပိုမိုများပြားလာ
DVB
·
February 9, 2023
ထိုင်းတက္ကသိုလ်များတွင် မြန်မာကျောင်းသားများတက်ရောက်ပညာသင်မှု ပိုမိုများပြားလာ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံကတက္ကသိုလ်တွေ အထူးသဖြင့် ဘန်ကောက်ရှိနိုင်ငံတကာအဆင့်မီတက္ကသိုလ်တွေမှာ မြန်မာနိုင်ငံက ကျောင်းသားတွေ တက်ရောက်မှု ပိုများလာပြီး  ထောင်နဲ့ချီ လာရောက်ပညာသင်ကြားနေတယ်လို့ The Voice ထိုင်းတီဗွီ သတင်းမှာ ဖော်ပြပါတယ်။

အထူးသဖြင့် ရန်းဆစ်တက္ကသိုလ် ( Rangsit University ) နဲ့ ထိုင်းစီးပွားရေးတက္ကသိုလ် University of the Thai Chamber of Commerce  မှာ မြန်မာကျောင်းသား ထောင်နဲ့ချီရှိကြောင်း၊ IT နည်းပညာကို စိတ်ဝင်စားသူများပြီး အဲဒါပြီးရင် ကျန်းမာရေးသိပ္ပံနဲ့ အင်ဂျင်နီယာတွေကိုလည်း စိတ်ဝင်စားတယ်လို့  ရန်းဆစ်တက္ကသိုလ် နိုင်ငံတကာဌာန ညွှန်ကြားရေးမှူး ပါမောက္ခဒေါက်တာ ဆုဖတ်ထန နိရတ်ကန်နဖွန်းက ပြောပါတယ်။

အဆိုပါ မေဂျာတွေကို သင်ယူရာမှာ ကျောင်းလခ ဘတ် ၅ သိန်းကနေ ၇ သိန်းထိ ရှိကြောင်း၊ မြန်မာပြည်ကကျောင်းသားအများစုဟာ မိဘက နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်နဲ့ ငွေကြေးချမ်းသာတဲ့ သူဌေးအသိုင်းအဝိုင်းက ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ရန်းဆစ်တက္ကသိုလ်မှာ အမေရိကန်၊ နီပေါ၊ နိုင်ဂျီးရီးယား၊ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယား အစရှိတဲ့ နိုင်ငံပေါင်းစုံကလာတဲ့ ကျောင်းသားတွေရှိပြီး အရင်က တရုတ်ပြည်က ကျောင်းသားဦးရေအများဆုံးဖြစ်ကာ ဒီ ၂ နှစ်တာကာလအတွင်းမှာတော့ မြန်မာ ကျောင်းသားဦးရေ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှု အရေးပါ်အခြေအနေတွေ ဖြေ‌လျှော့လိုက်ပြီးတဲ့နောက် အရင်က အွန်လိုင်းနဲ့ သင်နေတဲ့ ကျောင်းသားတွေလည်း ကျောင်းစာသင်ခန်းထဲ ပြန်ဝင်လာကြောင်း၊  ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ပထမနှစ်နဲ့ နွေရာသီသင်တန်းကာလမှာ မြန်မာကျောင်းသားသစ် ဦးရေ ၂၀၀ လက်ခံခဲ့ပြီးဒီ ၂၀၂၃ စာသင်နှစ်မှာတော့ စာရင်းသွင်းထားပြီး လက်ခံထားတဲ့ မြန်မာကျောင်းသားသစ် ၁၀၀၀ ကျော်ရှိတယ်လို့ ဒေါက်တာဆုဖတ်ထနက ပြောပါတယ်။ 

မြန်မာကျောင်းသားတွေဟာ အင်္ဂလိပ်ဘာသာနဲ့သင်ကြားတဲ့ ကျန်းမာရေးသိပ္ပံ၊ ဇီဝဆေးသိပ္ပံ၊ အနုပညာနဲ့ဒီဇိုင်း၊ နိုင်ငံတကာစီးပွားရေး၊ အင်ဂျင်နီယာစတဲ့ဘာသာရပ်တွေမှာ သင်ကြားနေပြီး အိုင်တီနည်းပညာဘာသာရပ်မှာ အရင်က ဆယ်ဂဏန်းလောက်သာရှိပေမယ့် လက်ရှိကျောင်းသား ၂၀၀ ကျော်ပြီး အများစုမှာ မြန်မာကျောင်းသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို မြန်မာနိုင်ငံက ကျောင်းသားတွေ ထောင်နဲ့ချီလာတက်ခြင်းအားဖြင့် ပုဂ္ဂလိက တက္ကသိုလ်တွေအနေနဲ့  ဝင်ငွေကောင်းကာ သူတို့တက္ကသိုလ်ကိုလည်း ပိုမိုကောင်းမွန်အောင်မြှင့်တင်နိုင်ကြောင်း၊  မြန်မာကျောင်းသားတွေအနေနဲ့လည်း နိုင်ငံတကာ အဆင့်မီပညာရပ်တွေကို အေဆေးစွာလေ့လာသင်ယူနိုင်သလို အုပ်ထိန်းသူအတွက် နေထိုင်ခွင့်ဗီဇာတွေ၊ ကွန်ဒိုတိုက်ခန်း ဝယ်ယူခွင့်တွေလည်း ရရှိနိုင်မယ်၊ ပြည်တွင်း မငြိမ်သက်မှုဘေးကနေလည်း တိမ်းရှောင်လို့ရမယ်လို့ The voice သတင်းမှာ သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွာရေး၊ ပညာရေး၊ ကျန်းမာရေး အပါအဝင် အဘက်ဘက်က ယိုယွင်းပျက်စီးသွားခဲ့တာပါ။ ကျောင်းသားလူငယ်တွေအများစုဟာလည်း စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့ ပြည်တွင်းတက္ကသိုလ်တွေမှာ ကျောင်းမတက်ကြတော့သလို လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ရောက်သွားခဲ့ကြပါတယ်။

ခရိုနီသူဌေးတွေ၊ ငွေရှင်ကြေးရှင်တွေနဲ့  စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေကတော့ အနောက်နိုင်ငံတွေမှာ သွားရောက်ပညာသင်ကြားနေကြသလို ငွေကြေးအတန်အသင့် တတ်နိုင်သူတွေကတော့ အိမ်နီးချင်း ထိုင်းနဲ့ စင်ကာပူတို့လို့ နိုင်ငံတွေမှာ သားသမီးတွေကို ပို့ဆောင်  ပညာသင်စေတာ ဖြစ်ပါတယ်။

ငွေကြေးမတတ်နိုင်ပေမဲ့ မြန်မာနိုင်ငံကနေ ထိုင်းမှာ ကျောင်းလာတက်လိုတဲ့ ကျောင်းသားတွေအတွက် ထိုင်းတက္ကသိုလ်တချို့က  ပညာသင်ဆုတွေပေးနေတာတွေလည်း ရှိပါတယ်။

ထိုင်းအဆင့်မြင့်ပညာရေးဌာန Ministry of Higher Education ၊ သိပ္ပံသုတေသနနဲ့ဆန်းသစ်တီထွင်မှုဌာန Science, Research and Innovation (MHESI) နဲ့ Suranaree နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံက ကျောင်းသားတွေအတွက် သီးသန့်ပညာသင်ဆု အစီအစဉ်ကိုလည်း ဖွင့်လှစ်ထားပါတယ်။ စိတ်ဝင်စားသူတွေအနေနဲ့ အောက်ပါလင့်ခ် https://cia.sut.ac.th/fully-funded-scholarship-thailand-scholarships-year-2023/?fbclid=IwAR0ISW24Q6hi3ojBW1PQKj0ugX9w96YX9JXf2jT2wFgfRE1hL_JeFoxqdZo မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013