
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဖေဖော်ဝါရီ ၉ ရက် ဒီနေ့မနက်က လူနေအိမ် ၁၅ လုံးခန့် မီးကူးစက်လောင်ကျွမ်းပြီး အသက် ၂၀ ဝန်းကျင် လူငယ်တဦး မီးလောင်သေဆုံးခဲ့တယ်လို့ လှိုင်သာယာမီးသတ်ဌာနက သိရပါတယ်။
၂၀ ရပ်ကွက်၊ ဗိုလ်တေဇပတ်လမ်း၊ အပိုင်း ၆ မှာရှိတဲ့ လူနေအိမ်တလုံးမှာ ဒီမနက်အစောပိုင်း ၁ နာရီခွဲလောက်က မီးစတင်လောင်ကျွမ်းပြီးနောက်ထပ်နေအိမ်တွေ ၁၅ လုံးလောက် မီးကူးစက် လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
လှိုင်သာယာအခြေစိုက် လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက “မနက် ၁ နာရီခွဲလောက်ကတည်းက စလောင်တာလို့ သိရပါတယ်။ သေသွားတာက ပလုံကောက်၊ အလုပ်ကြမ်းလုပ်တဲ့ ကောင်လေးတဦးပါ။ မီးစလောင်တော့ အဲ့အိမ်က ကျန်တဲ့လူတွေက နှိုးတယ်။ မီးကလည်း ကြီးလာတော့ သူတို့လည်း ကိုယ်လွတ်ရုန်းပြီး ပြေးခဲ့တာလို့ ပြောတယ်။ အိမ်တွေက ကျူးကျော်အိမ်လေးတွေလို တအားကပ်နေတော့ ဘယ်ကစလောင်တာလဲ မသိသေးဘူး။ ၁၅ လုံး ၁၆ လုံးလောက် မီးထဲပါသွားတယ်။ ဒီမှာ လျှပ်စစ်မီးလည်း အိမ်တိုင်းမရှိကြတော့ ဖယောင်းတိုင်တို့၊ ခြင်ဆေးခွေမီးတို့က လောင်ဖို့များပါတယ်။ မီးသတ်က စုံစမ်းနေတုန်းပါ” လို့ ပြောပါတယ်။
အဆိုပါ မီးလောင်မှုဖြစ်ပြီး ၁၅ မိနစ်အကြာ မနက် ၁ နာရီ ၅၄ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဌာနချုပ် ထုတ်ပြန်ချက်အရ သိရပါတယ်။
မီးလောင်သေဆုံးခဲ့သူ အမျိုးသားတဦးအပြင် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကို ဆေးရုံပို့ဆောင်ထားပြီးပြီလို့ သိရပါတယ်။
ဖေဖော်ဝါရီ ၉ ရက် နေ့လယ် ၂ နာရီအထိ ရန်ကုန်က လှိုင်သာယာ၊ တွံတေး၊ မရမ်းကုန်း၊ မှော်ဘီတို့မှာ မီးလောင်မှုဖြစ်စဉ် ၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာနချုပ်ရဲ့ ထုတ်ပြတ်ချက်အရ သိရပါတယ်။