Home
မြန်မာသတင်း
ထိုင်းနိုင်ငံ စမွတ်ပရကန်တွင် မြန်မာအမျိုးသား ၁ ဦး ဆွဲကြိုးချသေဆုံး
DVB
·
February 8, 2023

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်၊ ဘန်ဖရီမြို့နယ်ထဲမှာ မြန်မာအမျိုးသား  ၁ ဦး ဆွဲကြိုးချသေဆုံးမှုဖြစ်ခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၆ ရက် ည ၉ နာရီလောက်က ဘန်ဖရီမြို့နယ်၊ ဘန်ပလာရပ်ကွက်ထဲမှာ လူတစ်ယောက် ဆွဲကြိုးချသေဆုံးကြောင်းသတင်းရလို့ ဘန်ဖရီဆေးရုံက ဆရာဝန်၊ လူနာတင်ကားတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဘန်ဖရီရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

အခင်းဖြစ်ပွါးတဲ့နေရာဟာ ၃ ထပ်တိုက်ခန်းရဲ့ ဒုတိယထပ် နောက်ဖေးခန်းမှာဖြစ်ကြောင်း၊ အမျိုးသား ၁ ဦးဟာ နိုင်လွန်ကြိုးအစိမ်းရောင်နဲ့ ဆွဲကြိုးချသေဆုံးတဲ့အနေအထားရှိပြီး လက်နှစ်ဖက်ကိုလည်း ကြိုးနဲ့ရစ်ထားကြောင်း၊ အကြမ်းဖက်ခံထားရတဲ့ ဒဏ်ရာတွေမရှိဘဲ လွန်ခဲ့တဲ့ ၁၀ နာရီလောက်က အသက်ထွက်သွားတာလို့ တာဝန်ရှိသူက ပြောပါတယ်။ 

မခင်စန္ဒာရဲ့ထွက်ဆိုချက်အရ သေဆုံးသူဟာ သူ့ဖခင် ဦးစောအောင်ထွန်းသိန်း (၅၆ နှစ်) ဖြစ်ကြောင်း ၊အဲဒီနေ့မနက်စောစောက  သူတို့လင်မယား နှစ်ယောက် ဖခင်ကိုအခန်းမှာထားခဲ့ပြီး အလုပ်သွားလုပ်ကြောင်း၊ ည ၈ နာရီခွဲပြန်လာတဲ့အခါ အခန်းမီးတွေပိတ်ထားကြောင်း၊ မီးဖွင့်ကြည့်တော့ အဖေကို အိမ်ခန်းထဲမှာမတွေ့လို့ နောက်ဖေးဘက်သွားရှာရာမှာ ဆွဲကြိုးချ အနေအထားနဲ့ သေဆုံးနေလို့ ရဲစခန်းကို အကြောင်းကြားလိုက်တာလို့ ဆိုပါတယ်။ 

ဖခင်ဖြစ်သူမှာ စကားအလွန်နည်းပြီး ဘာသိဘာသာနေတတ်ကြောင်း၊ အလုပ်လက်မဲ့ဖြစ်နေတာ လအတန်ကြာပြီဖြစ်လို့ မြန်မာပြည်ပြန်မယ်လို့ ပြောခဲ့ကြောင်း၊ ဒါပေမဲ့ သားသမီးတွေအကုန် ထိုင်းမှာရောက်နေလို့ မြန်မာပြည်မှာ အဖေတယောက်တည်းနေရမှာစိုးလို့ တားမြစ်ခဲ့ကြောင်း၊ အိမ်ပြန်ချင်တာ မပြန်ရလို့စိတ်ခုပြီး ခုလိုလုပ်သွားတာဖြစ်နိုင်တယ်လို့ သမီးက ပြောပါတယ်။ 

ရဲတပ်ဖွဲ့ကလည်း သေဆုံးသူဟာ အလုပ်လက်မဲ့စိတ်ဖိစီးလို့ သေကြောင်းကြံတာလို့ ကနဦးသုံးသပ်ပြီး ဖြစ်ရပ်မှန်သိရဖို့ အလောင်းကို ဆေးရုံမှာထပ်မံဓာတ်ခွဲကြည့်မှာဖြစ်သလို အဲဒီအနီးနားက စီစီကင်မရာတွေလည်း ပြန်လည်စစ်ဆေးကြည့်ရှုသွားမယ်လို့  ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024