DVB Logo
Home
မြန်မာသတင်း
ရေးအခြေစိုက် စစ်ကောင်စီတပ်ရင်းကို YSTF က ထပ်မံတိုက်ခိုက်
DVB
·
February 8, 2023
ရေးအခြေစိုက် စစ်ကောင်စီတပ်ရင်းကို YSTF က ထပ်မံတိုက်ခိုက်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခလရ-၅၉၁ တပ်ရင်းကို ရေးပြည်သူ့ကာကွယ်ရေး (YSTF) က အထူးစစ်ဆင်ရေးအနေနဲ့ ၃ ကြိမ်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၅ ဦး သေဆုံးခဲ့တယ်လို့ YSTF က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီ ၂၆ ရက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တကြိမ်၊ ဖေဖော်ဝါရီ ၄ ရက်က ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တကြိမ်၊ ဖေဖော်ဝါရီ ၅ ရက် မွန်အမျိုးသားနေ့မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တပ်တွင်းခြံစည်းရိုးနားအထိ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးသူတွေရှိသလို တပ်တွင်းအဆောက်အဦတွေ၊ မွေးမြူရေးခြံတွေပါ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

မွန်အမျိုးသားနေ့မှာ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်တာဟာ တိုင်းရင်းသားလူမျိုးတွေရဲ့ နေ့ထူးနေ့မြတ်ကို ဖျက်ဆီးလိုခြင်းမဟုတ်ဘဲ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်နိုင်တဲ့တနေ့မှသာ မွန်အမျိုးသားနေ့ အခမ်းအနားကို အဓိပ္ပါယ်ရှိစွာ ကျင်းပနိုင်မှာဖြစ်တဲ့အကြောင်း ရည်ရွယ်ကာ မွန်လူငယ်တွေကို တပ်လှန့်တဲ့အနေနဲ့ စစ်ကောင်စီကို စံပြတိုက်ခိုက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၁ နာရီခွဲကလည်း ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခလရ ၅၉၁ ကို တိုက်ခိုက်ခဲ့တယ်လို့ ရေးပြည်သူ့ကာကွယ်ရေး YSTF တာဝန်ရှိသူက ပြောပါတယ်။

“အထူးစစ်ဆင်ရေးအနေနဲ့ သုံးကြိမ်တိုင် တပတ်အတွင်းမှာ ဝင်ပစ်ထားပါတယ်။ စစ်တပ်က အနည်းဆုံး ၃ ယောက်လောက် ကျဆုံးထားတယ်။”

အလစ်အငိုက် ပစ်ခတ်တဲ့ဖြစ်စဉ်မှာ တပ်ဘက်က အကျအဆုံး မသိရသလို  ဘေးကင်းလုံခြုံစွာ ပြန်ဆုတ်လာရတယ်လို့ ဆိုပါတယ်။

မကြာခဏဆိုသလို ပစ်ခတ်နေကြတော့ ကျောင်းရွာ ဒေသခံတွေ ရွာထဲ မနေရဲကြတော့ဘဲ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေမှာ ပြောင်းရွှေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ကျောင်းရွာမှာက စစ်တပ် တပ်ရင်းလည်း ၂ ခု ရှိနေတယ်။ ရဲစခန်းလည်း ရှိတယ်။ PDF တွေကလည်း မကြာခဏဆိုသလို ဝင်ပစ်နေတော့ နေအိမ်တွေ ထိခိုက်တာ၊ လူ သေဆုံးတာလည်း ရှိနေတယ်”လို့ ဆိုပါတယ်။

‌ရေး-မော်လမြိုင်လမ်းမှာ ဖမ်းမိတဲ့ စစ်တပ်ဗိုလ်ကြီးကို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ထံ လွှဲပြောင်းပေးလိုက်တယ်လို့ YGF က သတင်းထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကနင်ကမော့နဲ့ အောင်သာယာကျေးရွာအကြားမှာ ဖေဖော်ဝါရီ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ Mark 2- အဖြူရောင်ယာဉ်အား စစ်ဆေးရာ ပစ်ခတ်ပြီး ပြန်လှည့်မောင်းပြေးတာကြောင့် YGF - ရေးပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တို့က မိနစ် ၃၀ လောက် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြတယ်လို့ ရေး YGF က ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုကြောင့် ကားက လမ်းဘေးမြောင်းထဲထိုးကျသွားပြီး ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထွက်ပြေးသွားတာကြောင့် လိုက်လံဖမ်းဆီးရာ ဗိုလ်ကြီးအဆင့်ရှိသူ ဗိုလ်ကြီးမြတ်သူကို လက်ပစ်ဗုံး ၂ လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

ကားကို သိမ်းဆည်းဖို့ ကြိုးစားခဲ့ပေမဲ့ အမြောက်တပ် ၃၁၇ က လက်နက်ကြီး ၃ လုံး ပစ်ကူပေးပြီး စစ်ကူတွေ လိုက်လာကြောင်း သတင်းရရှိတဲ့အတွက် ကားကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေကတော့ စစ်ကောင်စီက ရေးမြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားပြီးနောက် မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ အသွားအလာ မလုပ်ရဲကြသလို ခြံသမားတွေနဲ့ စျေးသည်တွေလည်း လမ်းခရီးတွေမှာ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013