Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် စစ်တပ်ထောက်ပို့စစ်ကြောင်း တိုက်ခိုက်ခံရ၊ ပေါက်မြို့နယ်တွင် ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
February 7, 2023

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ မြိုင်ပ.က.ဖ ကနေ သိရပါတယ်။

ပေါက်မြို့နယ် ဖလံကိုင်းရေနံမြေကနေ ထွက်လာတဲ့ အင်အား ၇၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီနေ့ ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၁ နာရီလောက်က မြိုင်မြို့နယ် ကျောက်ခွက်ရေနံမြေ Well2 အကျော်မှာ ဇာမဏီပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

“စစ်(...)ထောက်ပို့စစ်ကြောင်းဟာ ကား ၂ စီးနဲ့ ခြေလျင်အင်အား ၆၀ ကျော်လောက်နဲ့ ထွက်လာတာဗျ။ ဇာမဏီပြောက်ကျားတပ်ဖွဲ့ရဲ့ လက်ဖြောင့်ရိုင်ဖယ်သေနတ်သမားက ချောင်းမြောင်းပစ်ခတ်လို့ စစ်ကောင်စီတပ်သားတယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်။ ဒါ့အပြင် ရှေ့ထွက်မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်လိုက်လို့ စစ်(...) ၁၀ ယောက်လောက် သေဆုံးနိုင်တယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမဲ့ ကျနော်တို့ဘက်ကရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

ပခုက္ကူမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းကလည်း ပခုက္ကူမြို့ ဂျင်ဝိုင်းကပြန်လာတဲ့ ကမ္မမြို့လျှပ်စစ်မှူးနဲ့ ပျူစောထီးတွေ တိုက်ခံရပြီး ၂ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်းက ခရီးသွားပြည်သူ တယောက်ကို စစ်အုပ်စုတွေက PDF ထောက်ပံ့သူလို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ်၊ ယာကြီးပြင်ရွာနားမှာ မနေ့ ဖေဖော်ဝါရီ ၆ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ပေါက်မြို့ဘက်ကနေ မောင်းလာတဲ့ ခရီးသည်တင်ကားတစီးကို စစ်ကောင်စီတပ်သားတွေက တားဆီးစစ်ဆေးပြီး ကားပေါ်မှာလိုက်ပါလာတဲ့ အသက် ၂၀ အရွယ် ကိုဟိန်းထက်ကို ဖမ်းဆီးသွားကြတာလို့ ယာကြီးပြင်ရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

သူ့ကို PDF ထောက်ပံ့သူလို့ စွပ်စွဲဖမ်းဆီးကာ လက်ကိုင်ဖုန်းတွေနဲ့ သူ့မှာပါလာတဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး ပေါက်မြို့မရဲစခန်း စစ်ကြောရေးကို ခေါ်သွားကြတယ်လို့ ဆိုပါတယ်။

“​ကျနော်တို့ ပေါက်မြို့နယ်ထဲမှာ မြို့နယ်အတွင်းကပဲဖြစ်ဖြစ်၊ တခြားမြို့နယ်တွေကဖြစ်ဖြစ် ခရီးသွားလာမယ်ဆိုရင် လက်ကိုင်ဖုန်းတွေကို အသေအချာ ရှင်းလင်းပြီးမှ သွားလာသင့်တယ်လို့ အကြံပြုချင်တယ်။ ပေါက်မြို့နယ်မှာတော့ ယာကြီးပြင်နဲ့ သရက်တောဂိတ်က အဆိုးဆုံးပဲဗျ။ ယောဒေသနဲ့ ချင်းတောင်ကို တက်မယ့်ကားတွေကို အစားအသောက်၊ ဆေးဝါးနဲ့ အိမ်ဆောက်ပစ္စည်းတွေ သယ်ယူခွင့်တွေ တားမြစ်ကန့်သတ်ထားသလို စစ်(...)တွေက ပြည်သူတွေဆီကနေ မတရား ငွေညှစ်နေကြသလို အပြစ်မဲ့ပြည်သူတွေကိုလည်း မကြာခဏ ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်။”

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့အထိ နိုင်ငံတဝန်း မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃,၈၂၉ ယောက်ရှိပြီး အဲဒီထဲက ၂,၃၁၇ ယောက်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024