
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာ ဖေဖော်ဝါရီ ၁ ရက်ကစပြီး တကြိမ်ကို လျှပ်စစ်မီး ၂ နာရီသာ ပေးမယ်လို့ စစ်ကောင်စီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရာမှာ မော်လမြိုင်မြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေကို အုပ်စု A၊ B၊ C ဆိုပြီး အုပ်စု ၃ ခွဲထားကာ အုပ်စုတစုကို အလှည့်ကျစနစ်နဲ့ တကြိမ်ကို လျှပ်စစ်မီး ၂ နာရီ ဖြန့်ဝေပေးမယ်လို့ ဆိုပါတယ်။
တကြိမ်ကို လျှပ်စစ်မီး ၂ နာရီ ဖြန့်ဝေပေးမှုကို ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၈ ရက်အထိ တလလုံး ကျင့်သုံးသွားမှာဖြစ်ကြောင်းနဲ့ လျှပ်စစ်ဓာတ်အား ရရှိမှုအပေါ်မူတည်ပြီး ဓာတ်ပေးချိန် ပြောင်းလဲနိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။
စစ်ကောင်စီရဲ့ လျှပ်စစ်ဖြန့်ဝေပေးမှု အစီအစဉ်အရ မော်လမြိုင်မြို့ပြည်သူတွေဟာ တရက်ကို လျှပ်စစ်မီး ၈ နာရီသာ ရရှိတော့မှာ ဖြစ်ပါတယ်။
မြို့ခံတဦးကလည်း မော်လမြိုင်ကို လျှပ်စစ်မီးဖြန့်ဝေပေးတဲ့ အစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း ပိုမိုဆိုးဝါးလာခဲ့ကြောင်းနဲ့ တချို့ရက်တွေမှာဆိုရင် တရက်ကို ၆ နာရီလောက်သာ လျှပ်စစ်မီး ရရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက လျှပ်စစ်ဓာတ်အားပေးမှု ဝန်အားလျှော့ချလာတာကြောင့် ပြည်သူအများစု အခက်အခဲမျိုးစုံ ရင်ဆိုင်နေရသလို အသေးစား၊ အလတ်စား SME လုပ်ငန်းတွေကလည်း ဆက်လက်ရပ်တည်ဖို့ အခက်ကြုံနေရတာပါ။
မော်လမြိုင်ကို လျှပ်စစ်မီးပေးရာမှာ ပြီးခဲ့တဲ့ကာလတွေတုန်းက အုပ်စု A၊ B နဲ့ အုပ်စု ၂ စုသာခွဲပြီး တကြိမ်ကို ၃ နာရီ အလှည့်ကျစနစ်နဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခဲ့တာ ဖြစ်ပါတယ်။