
စစ်ကောင်စီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ အဖွဲ့ဟာ ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မနက်က ရခိုင်ပြည်နယ် တောင်ပြိုပြန်လည်လက်ခံရေးစခန်း၊ ငါးခူရပြန်လည်လက်ခံရေးစခန်းနဲ့ လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေးစခန်းတွေကို သွားရောက်လေ့လာခဲ့တယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
အဓိက ပြန်လည်လက်ခံရေးဆောင်ရွက်မယ့် IDP camp တွေဖြစ်တဲ့ တောင်ပြို၊ ငါးခူရ၊ လှဖိုးခေါင် စတဲ့စခန်းတွေကို သွားရောက်လေ့လာတာလို့ ဒေသခံတာဝန်ရှိသူတဦးက ပြောပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်က တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည် ၁,၀၀၀ ကျော် ပြန်လည်လက်ခံရာမှာ ဟိန္ဒူ ၃၀၀ ကျော် ပါဝင်မှာဖြစ်ပြီး ပြန်ဝင်လာကြသူတွေကို မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ၊ ငါးခူရ၊ လှဖိုးခေါင် စတဲ့ ပြန်လည်လက်ခံရေးစခန်းတွေမှာ နေရာချထားပေးဖို့ စီစဉ်ထားကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောဆိုထားခဲ့ပေမဲ့ ဒီနေ့အထိ တဦးတယောက်မှ ပြန်လာတာ မရှိသေးပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေကတော့ “ကျနော်တို့ လုံးဝ ပြန်လာမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘင်္ဂလားဘက်က အိမ်ထောင်စုအလိုက် ကောက်ယူပေးထားတဲ့ စာရင်းကို မြန်မာဘက်က လူရွေးပေးတာက အိမ်ထောင်စုတခုမှာ ၁၀ ဦးရှိရင် ၅ ဦးပါတယ်၊ ၆ ဦးရှိရင် ၃ ဦးပါတယ်။ ဒါဆိုရင် ကျန်နေတဲ့လူတွေက ဘယ်လိုကျန်ခဲ့မှာလဲ။ မိသားစုတွေ ခြားသွားကြမယ်။ မြန်မာဘက်ကို လာရင်လည်း မူလနေရာတွေမှာ နေခွင့်ရမှာမဟုတ်ဘူး။ ဒါကြောင့် ဘယ်သူမှပြန်မလာကြဘူး” လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က မိသားစုအလိုက် တင်ပြလာတဲ့ လူစာရင်းတွေကို မြန်မာဘက်က စိစစ်ရာမှာ မိသားစုဝင်တချို့သာ ပါဝင်ပြီး မိသားစုဝင်တချို့ ကျန်ခဲ့တာကြောင့် ပြန်လာဖို့ ပြင်ဆင်ထားကြတဲ့ ဒုက္ခသည်တွေမှာ အခက်တွေ့နေကြတာပါ။
ဦးကိုကိုလှိုင်နဲ့အတူ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်သက်သက်ခိုင်နဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တို့ပါ မောင်တောမြို့ကို ရောက်ရှိနေတယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။