စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့မှာ ဇန်နဝါရီ ၂၃ ရက်က ဖမ်းဆီးခံရတဲ့ စာရေးကိရိယာဆိုင်ပိုင်ရှင် အမျိုးသား တဦးနဲ့ ၂၄ ရက်မှာ ဖမ်းဆီးခံရတဲ့ ထမင်းဆိုင်ပိုင်ရှင် လင်မယား ၂ ဦးတို့ ပြန်လွတ်မြောက်လာခြင်းမရှိဘဲ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ နဲ့ အင်းတော်မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထားပြီး အမှုရင်ဆိုင်နေရတယ်လို့ ဒေသခံတဦးကနေ သိရပါတယ်။
“အခုထိ ဒီထမင်းဆိုင်ပိုင်ရှင် လင်မယားကော၊ စာရေးကိရိယာဆိုင်ပိုင်ရှင်ကော မလွတ်လာသေးဘူး။ အင်းတော်မြို့နယ်ရဲစခန်းမှာပဲ၊ ပုဒ်မ ၅၂ ဆိုလား အကြမ်းဖက်ဥပဒေနဲ့ပါ တရားစွဲခံထားရတာတဲ့၊ တခြားတော့ ဘာမှမကြားရသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ စာရေးကိရိယာဆိုင်ပိုင်ရှင်ကို NUG အောက်က စာသင်ကျောင်းတွေအတွက် စာအုပ်တွေ ရောင်းချတယ်ဆိုပြီး လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်သလို ထမင်းဆိုင်ပိုင်ရှင် လင်မယားကိုလည်း PDF နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်နဲ့ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်သူတွေဖြစ်ပြီး ဖမ်းဆီးခံရချိန်ကနေ မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရသေးသလို ရုံးချိန်းရက်တွေကိုလည်း မသိရသေးဘူးလို့ သိရပါတယ်။
အင်းတော်မြို့မှာပဲ လွန်ခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က အင်းတော်မြို့အဝင်ဂိတ်မှာ မြို့ပေါ်ကို ပစ္စည်းအဝယ်တက်လာတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦး ဖမ်းဆီးခံရပြီး အဲဒီအမျိုးသမီး ပြန်လည်လွတ်မြောက်ရေးအတွက် လာရောက်ကူညီပြောဆိုပေးတဲ့ နဘား ငပိအင်းကျေးရွာက ရဟန်းတပါးလည်း ဖမ်းဆီးခံခဲ့ရကာ ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
“လွန်ခဲ့တဲ့လ ၃၁ ရက်နေ့မှာ ရွာဘက်က အမျိုးသမီးငယ်ပေါ့၊ အလှကုန်ပစ္စည်းတွေကို မြို့တက်ဝယ်ဖို့ တက်လာတာ၊ မြို့အဝင်ဂိတ်မှာ ဖမ်းခံရတာ၊ အဲဒီအမျိုးသမီးကို လွှတ်ပေးဖို့ လာပြောပေးတဲ့ ဘုန်းကြီးပါ ဖမ်းလိုက်တယ်၊ အခုထိလွတ်မလာသေးဘူး။”
ဖမ်းခံလိုက်ရတဲ့ အမျိုးသမီးနဲ့ ရဟန်းတပါးကတော့ အင်းတော်မြို့နယ် ရဲစခန်းကို မရောက်လာသေးဘဲ စစ်ကောင်စီစခန်း ရိက္ခာကုန်းမှာပဲ ရှိနေသေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ စာရေးကိရိယာဆိုင်ရှင်နဲ့ ထမင်းဆိုင်ပိုင်ရှင် လင်မယားကို စွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖက်ရေး ဥပဒေပုဒ်မ ၅၂ ဟာ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေပုဒ်မ ဖြစ်ပါတယ်။