DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်များအပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု ပြည်တွင်းလုပ်ငန်းရှင်များအပေါ်လည်း ထိခိုက်ဟုဆို
DVB
·
February 7, 2023
စစ်ခေါင်းဆောင်များအပေါ်  စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု ပြည်တွင်းလုပ်ငန်းရှင်များအပေါ်လည်း ထိခိုက်ဟုဆို
Donate to DVB

နိုင်ငံတကာရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေက အာဏာသိမ်းစစ်ကောင်စီအပေါ် ပစ်မှတ်ထား အရေးယူတာ ဖြစ်ပေမဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေအပေါ်မှာလည်း သက်ရောက်မှုရှိစေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်နဲ့ သုတေသီတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အလေးထားတဲ့ အနောက်နိုင်ငံကြီးတွေက အာဏာသိမ်း မြန်မာစစ်ကောင်စီကို နိုင်ငံရေး နည်းလမ်းအပြင် စီးပွားရေးအရလည်း ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ တိုးမြှင့်ပြုလုပ်လာတာပါ။

ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေက မြန်မာစစ်ကောင်စီအပေါ် ဖိအားတွေ ရှိစေတဲ့အပြင် ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေအပေါ်မှာလည်း အနည်းနဲ့အများ သက်ရောက်မှုရှိစေတယ်လို့ လုပ်ငန်းရှင်တွေနဲ့ သုတေတီတွေက ဆိုပါတယ်။

မက္ကရိုဘောဂဗေဒပညာရှင်တဦးက “စစ်တပ်က အာဏာသိမ်းလိုက်ပြီ ဆိုကတည်းက နိုင်ငံအများစုက မထောက်ခံကြတော့ဘူး။ အဲ့ဒါဆိုရင် ထုံးစံက အရေးယူပိတ်ဆို့မှုတွေ လုပ်လာကြတယ်။ အရေးယူ ပိတ်ဆို့တယ်ဆိုတာက နိုင်ငံရေးအရ အရေးယူပိတ်ဆို့မှုတွေ လုပ်သလို စီးပွားရေးအရလည်း အရေးယူ ပိတ်ဆို့ကြတယ်။ စီးပွားရေးအရ ပိတ်ဆို့တယ်ဆိုတာက စီးပွားရေးအရ ဒဏ်ခတ်တယ်။ ဖွံ့ဖြိုးရေးအကူအညီတွေ မပေးတော့ဘူး။ ကုန်သွယ်မှုတွေ မလုပ်တော့ဘူး။ မြန်မာနိုင်ငံက ပစ္စည်းတွေဆိုရင် မဝယ်တော့ဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မလာတော့ဘူး။ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေကလည်း နိုင်ငံခြားသားတွေနဲ့ တွဲလုပ်ဖို့ မလွယ်တော့ဘူး။ နောက်ဆုံးအကျပ်အတည်းက ဘာဖြစ်လာလဲဆိုရင် အဲဒီပိတ်ဆို့မှုတွေအပြင် နိုင်ငံခြားငွေ ဒေါ်လာတန်ဖိုး မတည်ငြိမ်မှုကို ပိုပြီးဆိုးဝါးလာစေတယ်။ ဒါကြောင့် နိုင်ငံခြား ငွေလဲလှယ်နှုန်းက အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်းမှာ နှစ်ဆကျော် တက်သွားခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုးဆုံးအချက်ကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေကြေးလိုအပ်ချက် ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် သွင်းကုန်တွေကို ကန့်သတ်လိုက်တာဟာ ပြည်တွင်းက လုပ်ငန်းရှင်တွေကို အကျပ်အတည်း ရှိလာစေပြီး လုပ်သာကိုင်သာရှိတဲ့ စီးပွားရေးဝန်းကျင် ပျောက်ဆုံးသွားပါတော့တယ်။

စီးပွားရေးသုတေသီတဦးကလည်း “အဓိကက စစ်ကောင်စီရဲ့ စီးပွားရေးပေါ်လစီပေါ့။ သွင်းကုန်တွေကို အရမ်းထိန်းချုပ်တာ။ ထိန်းချုပ်ရတဲ့ အကြောင်းရင်းက ဒေါ်လာတွေ စီးထွက်မှာ စိုးရိမ်လို့ အရမ်းတင်းကျပ်လိုက်တယ်။ တင်းကျပ်လိုက်တော့ လုပ်ငန်းရှင်တွေက လိုအပ်တဲ့သွင်းကုန်တွေ သွင်းလို့မရတော့ဘူး။ လုပ်ငန်းရှင်တွေ သွင်းချင်တဲ့ ပစ္စည်းတွေက ဦးစားပေးစာရင်းထဲမှာ မပါဘူးဆိုရင် သွင်းလို့မရဘူး။ ဒါက ပေါ်လစီကြောင့် ဖြစ်ရတာ။ နောက်တခု အကျပ်အတည်းက ဒေါ်လာဈေးမြင့်တဲ့အတွက် သူတို့သွင်းကုန်ဈေးတွေကလည်း မြင့်ကုန်ပြီး အဲဒီအတွက် အကျပ်အတည်း ထပ်ဖြစ်ရတယ်။ နောက်ဆုံးအချက်က လုံခြုံရေး အခြေအနေ မကောင်းဘူး။ အဲ့တော့ စီးပွားရေးလုပ်ရတာ ခက်တယ်။ တခါ ကုန်ဈေးနှုန်း တက်လာတဲ့အတွက် အလုပ်သမားတွေကလည်း လုပ်ခလစာ တိုးတောင်းလာရတယ်။ ဒါကြောင့် စီးပွားရေးလုပ်တဲ့သူဘက်က ကြည့်ရင် အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအနေနဲ့ ကြိုးပမ်းဆောင်ရွက်မယ် ဆိုပါက လာမယ့် ၅ နှစ်အတွင်း အာဆီယံ နိုင်ငံတွေထဲမှာ အလယ်အလတ်အဆင့်ကို ရောက်ရှိမှာဖြစ်ပြီး ၁၀ နှစ်အတွင်းမှာဆိုရင် ထိပ်တန်းအဆင့်ထိ ရောက်နိုင်တယ်လို့ ၂၀၂၂ ခုနှစ် သြဂုတ်လက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်းမှာ တိုင်းပြည်ရဲ့ စီးပွားရေးက ချွတ်ခြုံကျခဲ့ရပြီး ပြည်သူတွေဟာ ဆင်းရဲမွဲတေမှုဒဏ်ကိုပါ ခံနေရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

“ဒီ ၂ နှစ်တာကာလအတွင်းမှာ လုပ်ငန်းရှင်တော်တော်များများဟာ အတော်ဒုက္ခရောက်ရတယ်။ မြန်မာငွေတန်ဖိုးက တော်တော့ကို အားလျော့သွားတဲ့ အတွက်ကြောင့် မြန်မာငွေနဲ့ အရောင်းအဝယ်လုပ်နေရတဲ့သူတွေအဖို့ ပြည်ပပစ္စည်းတွေ ဝယ်ယူရတဲ့နေရာမှာ ဈေးတွေမြင့်ကုန်တယ်။ အဲဒီအတွက်ကြောင့် အဆုံးရှုံးတွေနဲ့ ရင်ဆိုင်ကြရတယ်။ အဲဒီလို အဆုံးရှုံးတွေနဲ့ ရင်ဆိုင်ကြရတာက စီးပွားရေးလုပ်ငန်းရှင် အများစုပါ။ ဆိုတော့ ကုန်ပစ္စည်းတွေ ရောင်းချတဲ့ဆိုင်ဆိုရင် ကုန်ဈေးနှုန်းတွေ တင်လိုက်တာပဲ။ အဲ့တော့ ကုန်ဈေးနှုန်းတွေ တက်လာတယ်။ ဒါကလည်း ပြောရရင် စီးပွားရေးလုပ်ငန်းရှင် ဆိုတာက အကျိုးအမြတ်ကို ကြည့်ပြီးတော့ လုပ်ကြတာလေ။ အဲ့တော့ သူတို့အရှုံးတွေကို ပြန်ကာဖို့အတွက် ဈေးတင်ကြရတယ်။ ဘာလို့ ဈေးတင်လဲဆိုတော့ ဒီနေ့ ရောင်းတဲ့ဈေးက နောက်တခေါက် ကိုယ်ပြန်ဝယ်တဲ့အခါ ဒီဈေးနဲ့ မရဘူးလေ။ အဲ့ဒါကြောင့် တဖက်မှာ ဘာပြဿနာရှိလာလဲဆို ပြည်သူတွေရဲ့ဝင်ငွေက တိုးမလာဘူး။ ဒါပေမဲ့ ကုန်ဈေးနှုန်းက တက်လာတယ်။ ဒီတော့ ပြည်သူတွေရဲ့ဘဝက ပိုပြီးတော့ ကျပ်တည်းလာရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နောက်ဆက်တွဲဆိုးကျိုးကြောင့် မြန်မာ့လူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ အသက်ရှင်နေထိုင်နေရတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ခန့်မှန်းထားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013