Home
မြန်မာသတင်း
မြန်မာပြည်ဆိုင်ရာ အရေးပေါ်အခြေအနေ ၁ နှစ်သက်တမ်းတိုး၊ လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ခြိမ်းခြောက်နေဟု အိမ်ဖြူတော် ထုတ်ပြန်
DVB
·
February 7, 2023

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံက အမျိုးသားအရေးပေါ်အခြေအနေအဖြစ် ကြေညာထားတာကို နောက်ထပ် ၁ နှစ် သက်တမ်းထပ်တိုးလိုက်တယ်လို့ သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ဒီအရေးပေါ်အခြေအနေကိုတော့ မြန်မာနိုင်ငံမှာ စစ်တပ် အရပ်သားအစိုးရထံကနေ အာဏာလုယူပြီးနောက်  ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်မှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်အမိန့် အမှတ် ၁၄၀၁၄ အရ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ပုံမှန်မဟုတ်တဲ့ ထူးကဲတဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

ဒီအမိန့်ကိုတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သက်တမ်းကုန်မယ့် ဖေဖော်ဝါရီ ၁၀ ရက်မတိုင်ခင် ဖေဖော်ဝါရီ ၆ ရက်မှာ နောက်ထပ် ၁ နှစ်သက်တမ်းထပ်တိုးတဲ့ အကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ နိုင်ငံတော်အာဏာကို စစ်အုပ်စုက မတရားသိမ်းယူခဲ့ပြီးနောက်ပိုင်းမှာ ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားခဲ့တဲ့ အစိုးရကို ဖြုတ်ချကာ အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို မတရား ဖမ်းဆီးထိန်းသိမ်းတာတွေကို ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဖော်ပြခဲ့ကြတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ပယ်ချပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေကာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ထူးထူးခြားခြား ခြိမ်းခြောက်မှုအဖြစ် ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကတော့ အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို ချိုးဖောက်ပြီး အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးအစည်းအဝေး ခေါ်ယူကာ အာဏာသိမ်းသက်တမ်းကို ၆ လတိုးခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တိုင်းနဲ့ပြည်နယ် ၈ ခုရှိ  မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီး အကြမ်းဖက်မှုတွေ အပြင်းအထန်ပြုလုပ်ဖို့ ကမ္ဘာသိ ကြေညာခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဏာသိမ်းစကာလတွေမှာ နိုင်ငံတကာအစိုးရတွေရဲ့ လှုပ်ရှားမှုတွေဟာ နှေးကွေးခဲ့ပေမယ့် ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာတော့ မြင်သာတဲ့ ဆောင်ရွက်ချက်တွေ ရှိလာတာကို တွေ့ရပါ တယ်။

မြန်မာ့အရေးနဲ့ဆက်စပ်နေတဲ့ အချက်အလက်တွေ၊ အကူအညီပေးရေးကိစ္စရပ်တွေ အများအပြား ပါဝင်တဲ့ ဘားမားအက်တစ်ခုလုံးကို အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက် ဥပဒေမူကြမ်း NDAA ထဲမှာ ထည့်သွင်းပြီး  ဥပဒေအဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်မှာ သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်မှာတော့ မြန်မာ့အရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၆ သန်းထက်မနည်း အကူအညီပေးမယ့် အချက်ပါဝင်တဲ့ အမေရိကန်အစိုးရ ဘဏ္ဍာငွေခွဲငွေသုံးစွဲမှု ဥပဒေကိုလည်း သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး အတည်ပြုထားပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးနဲ့ NUG အစိုးရကို အခုနှစ်မှာပံ့ပိုးကူညီမှုတွေ ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး မနှစ်မြို့စရာကောင်းတဲ့ ၃ နှစ်မြောက် အာဏာသိမ်းမှု နှစ်ပတ်လည်နေ့ဆိုတာ ထပ်ရှိလာမှာမဟုတ်တော့ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်ရောက်လာတော့မယ်လို့ မျှော်လင့်ကြောင့် အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်က ပြောကြားထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024